Home
မြန်မာသတင်း
ဆားလင်းကြီးမြို့ပေါ်တွင် တိုက်ပွဲဖြစ်၊ ရေစကြိုကရွာများကို စစ်တပ်မီးရှို့
DVB
·
December 21, 2024
Photo-ရေစကြိုသတင်းအချက်အလက်ကော်မတီ
Photo-ရေစကြိုသတင်းအချက်အလက်ကော်မတီ
Photo-ရေစကြိုသတင်းအချက်အလက်ကော်မတီ
5 Fighter Group

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကတော့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့သလို  မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရွာတွေမှာလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၈ နာရီလောက်မှာ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပရဟိတ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“မြို့ပေါ်ဌာနဆိုင်ရာရုံးတွေမှာ တပ်စွဲထားတဲ့နေရာတွေကို PDF အဖွဲ့တွေ ဝင်ပစ်ကြတာဗျ။ စစ်တပ်ဘက်က ထိခိုက်မှုတွေတော့ရှိပါတယ်။ နောက်ပြီးတော့ စစ်တပ်ကမီးရှို့လို့ အိမ် ၄၊ ၅ လုံးလည်းပဲ မီးလောင်ပျက်စီးသွားပါတယ်။ မြို့ပေါ်က လူတချို့ကတော့ ပြေးကြတာတွေ ရှိတယ်ပေါ့။ တချို့လည်း ဖြစ်ချင်ရာဖြစ်ပေတော့ဆိုပြီး မပြေးကြတဲ့သူတွေလည်းရှိပါတယ်။ အဲဒီတိုက်ပွဲကြောင့် မြို့ပေါ်ကပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူးခင်ဗျ” လို့ ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲနေတဲ့ မြို့နယ်ထွေအုပ်ရုံး၊ မြို့မရဲစခန်း အပါအဝင် နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

5 Fighter Group ရဲ့ တာဝန်ခံ LPG က “နှစ်ဖက်တိုက်ပွဲကတော့ဗျာ မနက်ကနေ နေ့လယ် ၁ နာရီခွဲလောက်အထိဆိုတော့ ၅ နာရီကျော်လောက်ကြာတာပေါ့။ ကျနော်တို့ဘက်က လက်နက်ကြီးရော လက်နက်ငယ်တွေရော စစ်ကြောင်း ၄ ကြောင်းခွဲပြီး တချိန်တည်းတိုက်တာပါ။ နှစ်ဖက်ပစ်ခတ်မှုတွေမှာ သူတို့ဘက်ကလည်း ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ ပြန်ပစ်တယ်။ သူတို့ဘန်ကာတွေနားအထိ အနီးကပ်ပစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်ကာကို မဖြိုနိုင်တော့ နေ့လယ် ၁ နာရီကျော်လောက်မှာ ပြန်ဆုတ်ခဲ့ကြပါတယ်။ တိုက်ပွဲပြီးတော့ သူတို့က ပြည်သူပိုင်နေအိမ်တွေကို မီးထွက်ရှို့လို့ မီးလောင်တဲ့အိမ်တွေကို ကျနော်တို့ရဲဘော်တွေ ဝိုင်းငြှိမ်းပေးခဲ့ရတယ်ဗျ။ ဒီကောင်တွေ မြို့ပြင်မထွက်ရဲတော့လို့ မြို့ထဲမှာပဲ ခံစစ်ပြင်နေကြတယ်။ တခုလောက်ထပ်ပြောချင်တာကလေ ကျနော်တို့နောက်ထပ်တိုက်ပွဲတွေဖော်ဆောင်ဖို့ ကျည်လိုအပ်ချက်တွေရှိနေလို့ ပြည်သူတွေအနေနဲ့ ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံချင်တာပါ” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုစုံစမ်းနေပြီး တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရပေမယ့် တော်လှန်ရေးတပ်ပေါင်းစုတွေဘက်ကတော့ ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီတပ်အထိုင်စခန်းတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နဲ့ နိုဝင်ဘာ ၂၁ ရက်ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို 5 Fighter Group(Monyaw) နဲ့အတူ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့(Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့(Salingyi)၊ SOlO အောင်ကြီး(Salingyi)၊ Royal Broher Forces၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊ SPDF Doneအဖွဲ့၊ တော့ဘုရင်ဗိုလ်ယက္ခ၊ ချင်းတွင်းကာကွယ်ရေး(CDF)၊ ဖီးနစ်၊ ခေါင်းသမာန်(G.Z)၊ အညာသားကြီး၊ မျိုးဆက်သစ်၊ မုံရွာ တပ်ရင်း ၂၃၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး၊ Fighter 9၊ အညာမြေဝေကြီး၊ BAD TlGERS၊ ပြည်သူ အားလုံးရဲ့ PK Done အဖွဲ့၊ မုံရွာအကျင်ဦးစီးဌာန၊ ကမြင်းနီ PDF၊ ဒေါင်းဖိုက်တာ၊ ပျောက်ကြား၊ နောင်ကြီး၊ ရိုးမရာဇာ (ဆားလင်းကြီး စစ်ကြောင်း)၊ BNRA ခွဲ ၃၊ North PDF၊ M7 PDF (ဆားလင်းကြီး စစ်ကြောင်း) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကကျေးရွာတွေကို ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့ကြတယ်လို့ သိရပါတယ်။

ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ခံက “အဲဒီနေ့မနက် ၇ နာရီလောက်မှာ ရေလယ်ကျွန်းဒေသဖြစ်တဲ့ နွယ်နီရွာကို  စစ်သင်္ဘော ၁ စီးကပ်လာပြီးတော့ နွယ်နီရွာနဲ့ ရွာနားနီးချင်းက ရွာတွေကို စစ်ကြောင်းထိုးတယ်ဗျ။ ရွာတွေထဲက အိမ်တွေပေါ်တက်ပြီး ပစ္စည်းတွေလုသွားကြတယ်။ စစ်ကြောင်းထိုးတာကို သတင်းရကတည်းက အဲဒီရွာတွေက ရွာခံတွေ ထွက်ပြေးကြတော့ အဖမ်းအဆီးခံရတာတော့မရှိဘူးပေါ့ဗျာ။ ပစ္စည်းတွေလည်း ပါသွားသလို အိမ်တွေလည်းမီးရှို့ခံလိုက်ကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နွယ်နီကျေးရွာအပြင် ကျွန်းညိုကျေးရွာနဲ့ ခြံယာကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် လူနေအိမ်​ ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက “နွယ်နီရွာကိုကပ်လာတဲ့ စစ်သင်္ဘောက မင်းရွာပျူစောထီးစခန်းကို ရိက္ခာပို့ပြီးပြန်လာတာ၊ အင်အား ၁၀၀ လောက်ပဲ ပါတယ်လို့ သိရပါတယ်ဗျ။ မန္တလေး ဒါမှမဟုတ် မြင်းခြံဘက်က ဆန်တက်လာတာလို့တော့ သိရတယ်ပေါ့နော်။ စစ်တပ်က ရေလယ်ကျွန်းဘက်ကို စစ်ကြောင်းလာမထိုးတာ တနှစ်နီးနီး ရှိနေပြီ။ အခုမှ ပြန်ဝင်လာတာ” လို့ DVB ကို ပြောပါတယ်။

စစ်သင်္ဘောနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြန်ထွက်မသွားသေးဘဲ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ မင်းရွာပျူစောထီးစခန်းမှာ အထိုင်ချနေတဲ့အတွက် ထွက်ပြေးနေကြရတဲ့ ဒေသခံ ပြည်သူတွေဟာလည်း သူတို့ရဲ့ရွာတွေထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ ဆုံချက်နေရာတခုဖြစ်တဲ့ ရေစကြိုမြို့နယ်က ရေလယ်ကျွန်းဒေသဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းတဲ့ ဒေသဖြစ်လို့ အဲဒီဒေသကို စစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကြာခဏ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာလည်း များပြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013