Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင်တိုက်ပွဲစဖြစ်၊ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး ၁ ဦး သေဆုံး
DVB
·
December 20, 2024
Photo : VV

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးတယောက် ဒီဇင်ဘာ ၁၉ ရက်က သေဆုံးသွားပြီး ဧရာဝတီတိုင်းထဲမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာနေတယ်လို့ စစ်ရေးသတင်း ရင်းမြစ်ကနေ သိရပါတယ်။

သေဆုံးသူ ဒုတပ်ရင်းမှူးဟာ အင်္ဂပူမြို့အခြေစိုက် အမြောက်တပ် ၃၄၄ က ငြိမ်းဇော်ဦး ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်းအစပ် ဗောဓီကျေးရွာအနီး ဖြစ်ပွားတဲ့တိုက်ပွဲမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီလေတပ်က ဧရာဝတီတိုင်းအစပ်က ဒေါင်းချောင်း-ဗောဓီ-ဗေဒါရွာတွေဘက်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ရခိုင်ဘက်ခြမ်းဖြစ်တဲ့ မနေ့က ဂွဘက်က အလယ်ရွာ၊ ရဟိုင်ကွင်း၊ ကမ်းခြေဦး၊ တမန်ကုန်း ကျေးရွာတွေဘက်ကို ဗုံးကြဲပါတယ်။ စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးကျတာ မှန်တယ်။ ဧရာဝတီဘက်မှာ တိုက်ပွဲတွေ စတင်လာပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ရှောပြာကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လက်ရှိ ရေကြည်မြို့နယ် ကညှင်ဂွကျေးရွာဘက်မှာ စစ်ကောင်စီတပ်၊ အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရေကြည်ဒေသခံ အမျိုးသမီးတယောက်က “ကျမတို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်တော့မယ်လို့ ယုံကြည်ပါတယ်။ အခု ရေကြည်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ လေယာဉ်တွေ မပြတ်ဆိုသလို ပျံတက်နေတာ တွေ့ရတယ်။ ပြည်သူ့တပ်တွေ အမြန်ဝင်လာပေးပါ၊ တတ်စွမ်းသမျှ ကူညီပေးမှာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက ၃ လကြာ ပိတ်ဆို့ထားတဲ့ ဂွ-ဧရာဝတီ နယ်စပ် (ဂွ-ငသိုင်းချေင်း) မှာလည်း ကျိုးပေါက်လုအနေအထား ဖြစ်ပေါ်နေပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ရဲ့ နယ်စပ် ဟင်္သာတ၊ အင်္ဂပူ၊ ငသိုင်းချောင်း၊ ရေကြည်ကျေးရွာတွေဘက်မှာ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ညမထွက်ရအမိန့် ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွက် စစ်ရေးအရ အရေးပါတဲ့ ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်နဲ့ ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့အကြား ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်ရှိ အဓိက စစ်ဆေးရေးဂိတ် ၂ ခုဖြစ်တဲ့ ဒေါင်းချောင်းစစ်ဆေးရေးဂိတ်နဲ့ ဗေဒါစစ်ဆေးရေးဂိတ်တွေကို ဒီဇင်ဘာ ၁၇ ရက်က အာရက္ခတပ်တော် (AA) နဲ့ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းယူထားပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013