Home
မြန်မာသတင်း
မင်းတပ်တွင် ရဲ၊ စစ်သားနှင့် မိသားစုဝင် ၁၀၀ ကျော် လက်နက်ချ
DVB
·
December 20, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၁၀၀ ကျော်ဟာ လက်နက်ချ အလင်းဝင်လာတယ်လို့ ချင်းညီနောင်က ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ မင်းတပ် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝန်း၊ ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂၃ ယောက်နဲ့ သူတို့ရဲ့မိသားစုဝင်တွေ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ချင်းညီနောင်က အသိပေးထားပါတယ်။

မင်းတပ် ပအဖ က ဆလိုင်းယောမာန်က “နှစ်ဦးနှစ်ဖက်ကတော့ အထိအခိုက် အကျအဆုံးတွေ ရှိပါတယ်။ အင်မတန်ပြင်းထန်တဲ့ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်တယ်ဆိုတော့လေ။ မင်းတပ်မြို့သိမ်းနိုင်ဖို့ကတော့ ခလရ ၂၇၄ တခုပဲ ကျန်ပါတော့တယ်။ အဲဒီမှာ ဗိုလ်မှူးကြီးတဦးထိုင်ပြီးတော့ ခုခံနေတဲ့အတွက် တိုက်ပွဲကတော့ နည်းနည်းကြာလာပါပြီ။ လက်နက်ချတဲ့သူတွေကို သတ်ဖြတ်တာမျိုးမပြောနဲ့ ထိုးကြိတ် နှိပ်စက်တာမျိုးတောင် မလုပ်ပါဘူး။ အစာရေစာ ပြတ်လပ်တာတွေ ရှိတဲ့အတွက် ကျွေးမွေးစောင့်ရှောက်ထားတယ်။ ဆေးကုသမှုပေးထားတယ်၊ ဘေးကင်းလုံခြုံဖို့ တိုက်ပွဲနဲ့ဝေးတဲ့ နေရာမှာ ခေါ်ဆောင်ပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာလည်း ဖလမ်းခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေ‌ထွေအုပ်ချုပ်ရေးမှူးရုံး၊ ဆေးရုံကုန်းနေရာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ၄၅ ယောက်ဟာ နိုဝင်ဘာ ၁၂ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချခဲ့တယ်လို့ အသိပေးထားပါတယ်။

ချင်းညီနောင်အနေနဲ့ မင်းတပ်နဲ့ ဖလမ်းမြို့တို့က ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်နိုင်တဲ့အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမှာဖြစ်ပြီး မဟာမိတ်အင်အားစုတွေနဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ရေး ဆက်လက်တိုက်ထုတ်သွားမယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024