ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေတဲ့အတွက် ရိုးရာပွဲလမ်းသဘင်နဲ့ လူစုလူဝေးတွေမပြုလုပ်ဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမပြုလုပ်ဖို့နဲ့ ပြုလုပ်ပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူခံရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ကာလဖြစ်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမာန်က“ရှေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ခဲ့တဲ့အပြင်၊ ကျေးရွာတွေဘက်ကို ဦးတည်လာမယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်ပေါ့နော်၊ ကျေးရွာတွေမှာလည်းအခုချိန်က ကောက်သစ်စားပွဲတွေရော ခရစ္စမတ်လို လူစုလူဝေးတွေ လုပ်တာက မလုံခြုံဘူး၊ အဆင်မပြေဘူးပေါ့နော်၊ အခုလိုမြို့သိမ်းနေတဲ့ကာလမှာ အောင်မြင်တော့မယ့် အချိန်ဆိုရင် ပိုအန္တရာယ်များတယ်။ အညှိုးတကြီးနဲ့ လုပ်လာနိုင်တယ်ပေါ့နော်။ တချို့ကောက်ရိတ်သိမ်းပွဲတွေ လုပ်နေတော့ အန္တရာယ်ဖြစ်မှာစိုးလို့ ထုတ်ပြန်တာပါ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်ကစတင်ကာ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ်စတင်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ ပါတယ်။