မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့ပေါ်မှာ စစ်ရေးအရှိန်မြှင့်တင်မှာ ဖြစ်တဲ့အတွက် ထီးလင်းမြို့ပေါ်နေ ပြည်သူတွေကို မြို့ထဲကနေ အမြန်ဆုံးထွက်ခွာပေးဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ထီးလင်းမြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် အခြေချတဲ့ ထီးလင်းမြို့ကို စွန့်ခွာပြီး အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး လာရောက်ခိုလှုံကြဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကိုလည်း ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကို အလင်းဝင်ရောက်လာကြဖို့ တောင်းဆိုထားပါတယ်။
ထီးလင်းမြို့နယ် အနောက်ခြမ်း ပကဖ တာဝန်ရှိသူက “ပြည်သူတွေအတွက်တော့ ကြေညာချက်မထုတ်ခင်ထဲက မြို့ထဲကထွက်လာတဲ့သူတွေ နေထိုင်ဖို့ နေရာချထားဖို့အတွက်တော့ စီစဉ်ပေးထားပါပြီ။ သတ်မှတ်ထားတဲ့နေရာတွေမှာ အဆင်မပြေဘူးဆိုရင် ရပ်ရွာတွေမှာနေဖို့ လုပ်ထားပေးပါတယ်။ ပြည်သူတွေကိုတော့ ပအဖကနေ ကိုင်တွယ်ပြီး စီစဉ်ပေးမှာပါ။ လက်နက်ပါလာတဲ့ ပျူစောထီးတွေကိုတော့ ပလဖကို အပ်သွားမှာပါ” လို့ ပြောပါတယ်။
ထီးလင်းမြို့ပေါ်မှာ အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက် ၂ ခုရှိပြီး လူဦးရေ ၅,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စစ်ရေးအရှိန်မြှင့်တင်နေတဲ့အတွက် ထီးလင်းမြို့ပေါ်မှာ စစ်ဆင်ရေးတွေ ပိုမိုပြင်းထန်လာမှာ ဖြစ်ပြီး သတ်မှတ်ရက်အတွင်း မြို့ထဲက ထွက်ခွာလာခြင်းမရှိပါက နောက်ဆက်တွဲ ကိစ္စရပ်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။