Home
မြန်မာသတင်း
ထီးလင်းမြို့တွင် ပျူစောထီး ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်
DVB
·
October 25, 2024
Photo-YNRF

မကွေးတိုင်း၊ ထီးလင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့၀င် တယောက် သေနတ် ၃ လက်နဲ့အတူ ခဲယမ်းတွေယူဆောင်ပြီး အလင်း၀င်ရောက်လာတယ်လို့ Yaw National Revolution Force-YNRF (ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်း) က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

YNRF ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “ထီးလင်းမြို့ပေါ်က ရွှေထီးခန်းမမှာ လုံခြုံရေး တာဝန်ကျနေတယ်သူက။ သူ့ကင်းချိန်မှာ အိပ်နေတဲ့ ကောင်တွေရဲ့ သေနတ်တွေကိုပါယူပြီး ထွက်ပြေးလာခဲ့တာ။ အဲ့ဒီနောက် ကျနော်တို့ဆီကို ဆက်သွယ်ပြီး အလင်း၀င်လာတာပါ” လို့ ပြောပါတယ်။

အဆိုပါ ပျူစောထီးအဖွဲ့၀င်ဟာ G3 သေနတ် ၂ လက်၊ M79 သေနတ် ၁ လက်၊ G3 ကျည်ဘောက် ၂ ခု၊ 7.62 ကျည် ၃၈ တောင့်၊ M79 အသီး ၅ လုံးအပါအ၀င် စကားပြောစက် ၁ လုံး တို့ကို ယူဆောင်ပြီး အောက်တိုဘာ ၂၀ ရက်နေ့က အလင်း၀င်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

YNRF ရဲ့ တာ၀န်ခံက “အခုလဆန်းပိုင်းကတည်းက ထီးလင်းနယ်တ၀ိုက်ကို စစ်တပ် စစ်ကြောင်းတွေ ထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်လာနေလို့ စစ်ရေးအခြေအနေက တင်းမာနေတဲ့သဘောမှာရှိတယ်။ အခုလိုအခြေအနေမှာ အလင်း၀င်လာတဲ့သူတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ ကျန်နေသေးတဲ့သူတွေကို အမြန်ဆုံးအလင်း၀င်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အလင်း၀င်ရောက်လာတဲ့ ပျူစောထီးအဖွဲ့၀င်ကို ဆုကြေးငွေအဖြစ် ကျပ်သိန်း ၁၀၀ ချီးမြှင့်ပေးခဲ့ပြီး လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကလည်း ထီးလင်းမြို့က စစ်ကောင်စီတပ်သား ထက်လင်းအောင်လည်း လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်ရောက်လာခဲ့တဲ့အတွက် ဆုကြေးငွေကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ YNRF ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013