မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ဒေသခံ အမျိုးသား ၅ ယောက်ကို အောက်တိုဘာ ၂၆ ရက် ဒီမနက်မှာ စစ်ကောင်စီကသတ်ဖြတ်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပင်စိမ်းခင်းရွာ၊ ခင်ဦးနယ်က မုံလှရွာကို ကန့်ဘလူမြို့နယ် ဝါသဝပျူတွေက ဒီနေ့မနက်မှာ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ထီးလင်းမြို့ပေါ်က အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်မှာ ကျားခဲရွာဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ အမျိုးသား ၄ ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့သလို နောက်ထပ် အမျိုးသားတယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
YRA ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကြောင်းရွာဝင်တော့ ဒေသခံတွေကပြေးကြရင်း သူတို့က ဖမ်းဆီးခံလိုက်ရတာဗျ။ အနီးအနားဒေသခံတွေပြောပြချက်အရ သူတို့ ဖမ်းခံရပြီးနောက်မှာ ရွာစွန်ကနေ မီးခိုးတွေထွက်ခဲ့တယ်။ သူတို့အော်သံတွေလည်း ကြားရတယ်ပေါ့။ စစ်ကြောင်း ပြန်ဆုတ်သွားချိန် ရွာထဲဝင်ကြည့်တော့ သူတို့ မီးရှို့သတ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရလို့ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခံရတယ်လို့ ကျနော်တို့ ကောက်ချက်ချတာပါဗျ။ နောက်တယောက်ကတော့ ပြေးရင်လယ်ကွင်းမှာ ပစ်သတ်ခံရပြီး သွေးထွက်လွန်ဆုံးသွားတာဗျ။ အမျိုးသမီးတယောက်လည်း ဒဏ်ရာရသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့သူတွေဟာ အသက် ၃၀ နဲ့ ၄၀ ကြားအရွယ် ကိုမင်းသူ၊ ကိုမျိုးကျော်၊ ကိုဝင်းဆန်းဦးနဲ့ ကိုသန်းစိန်မင်းတို့ဖြစ်ပြီး ကိုနေဆန်းဝင်းကတော့ စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးနေတုန်း ပစ်သတ်ခံလိုက်ရတာလို့ သိရပါတယ်။
ကျားခဲရွာဟာ ထီးလင်းမြို့ပေါ်နဲ့ ၄ မိုင်လောက်ဝေးပြီး အိမ်ခြေ ၈၀ လောက်၊ လူဦးရေ ၃၀၀ လောက်ရှိပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းအသွားအပြန်မှာ ဒေသခံကာကွယ်ရေးတပ်က ဒရုန်းနဲ့ တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတို့လုပ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီက ထီးလင်းမြို့နယ်၊ အိုင်းမရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပင်စိမ်းခင်းရွာနဲ့ ခင်ဦးနယ်က မုံလှရွာကို ကန့်ဘလူမြို့နယ် ဝါသဝပျူတွေက အောက်တိုဘာ ၂၆ ရက် ဒီမနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သလို ဘုန်းတော်ကြီး၊ အရပ်သားတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ပင်စိမ်းခင်းရွာကိုတော့ အောက်တိုဘာ ၂၆ ရက် နေ့ မနက်ခင်း အစောပိုင်း ၂ နာရီအချိန်က ဒရုန်းယာဉ်အသုံးပြုပြီး ၈၁ မမဗုံးသီး ၃ လုံးကြဲချသွားတယ်။ ချတဲ့နေရာက ကျနော်တို့ ပင်စိမ်းခင်းရွာက ဝါဆိုဘုန်းတော်ကြီးကျောင်းပေါ်ကို တည့်တည့်ချသွားတယ်။ ဘုန်းကြီးကျောင်းပျက်စီးသလို ဦးဇင်း ၂ ပါး၊ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဗျ” လို့ ပြောပါတယ်။
ဦးဝါသဝ ဦးဆောင်တဲ့ပျူတွေဟာ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာကနေ လာရောက် တိုက်ခိုက်တာလို့လည်း သိရပါတယ်။
မုံလှဒေသခံတယောက်ကလည်း “ကျနော်တို့ ခင်ဦးနယ် မုံလှရွာကိုတော့ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ခင်း ၁ နာရီ ၄၅ မိနစ်က ကန့်ဘလူနယ်၊ ကာဘိုးဘက်ကနေ ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချသွားတယ်။ ချတဲ့နေရာက ကျနော်တို့ မုံလှရွာတောင်ပိုင်းက ကိုမွှေးနီအိမ်ပေါ်ချသွားတာဗျ။ ပြည်သူနေအိမ် ၃ လုံးပျက်စီးတယ်။ ပြည်သူ ၈ ဦးဒဏ်ရာရပြီးတော့ နွား ၃ ကောင် သေတယ်ဗျ” လို့ ပြောပါတယ်။
မုံလှရွာနဲ့ ပင်စိမ်းခင်းရွာဟာ ရွာနားနီးချင်းကျေးရွာတွေဖြစ်ပြီး ရွာသူရွာသားတွေဟာ လယ်ယာလုပ်ငန်းပဲ လုပ်ကိုင်ကြလို့ အခု အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “စစ်တပ် လော်ဘီချန်နယ်တွေမှာတော့ ကျနော်တို့ရွာကို လေကြောင်းတိုက်ခိုက်ဖို့ လှုံ့နေတာတွေ့နေရတယ်။ ဘာလို့လဲဆိုတော့ ခင်ဦးနယ်၊ ပျဉ်ထောင်ပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့်ဆိုပြီး သူတို့ တယ်လီဂရမ်ချန်နယ်တွေမှာ အော်နေကြတာပဲ။ မြေပြင်မှာ သူတို့ပြောတဲ့အတိုင်းဟုတ်လား ဆိုတော့ မဟုတ်ပါဘူးဗျာ။ ဖြတ်သန်းသွားလာမျိုးတော့ရှိတာပေါ့။ အချိန်ပြည့်ကြီး တပ်စွဲနေတာမျိုးမရှိပါဘူး။ ကျနော်တို့ဘက်က အရပ်သားပြည်သူထိခိုက်မှာစိုးရိမ်လို့ တိုက်ပွဲဖော်ဆောင်တာတောင် ပြည်သူရွာတွေအပြင်မှာ တိုက်ပွဲလုပ်တာ။ အခုဟာက ပြည်သူတွေကို ဒုက္ခရောက်ရအောင်လို့ တမင်လုပ်တာလို့ပဲပြောရမယ်” ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ခင်ဦးနယ်၊ မုံလှရွာကို ဩဂုတ် ၂၅ ရက်နေ့ကလည်း လေယာဉ်နဲ့ပစ်ခတ်ခဲ့သလို ရေဦးမြို့ဘက်ကနေလည်း လက်နက်ကြီးနဲ့ မကြာခဏဆိုသလိုပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း အောက်တိုဘာ ၂၀ ရက်နေ့အထိ အရပ်သားတွေ အစုအပြုံလိုက် သတ်ဖြတ်ခံတဲ့ဖြစ်စဉ် ၆၅ ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား ၁,၃၀၇ ယောက် ထက်မနည်း သေဆုံးခဲ့သလို အဲဒီအထဲက ၉၂ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီ သစ္စာခံတပ်တွေက ကျုးလွန်ခဲ့ကြတယ်လို ISP-Myanmar က ဖော်ပြထားပါတယ်။