Home
မြန်မာသတင်း
မင်းတပ်မြို့အနီး လူနေအိမ်များကို  စစ်ကောင်စီတပ်က  ထပ်မံမီးရှို့ဖျက်ဆီး 
DVB
·
December 12, 2024
Photo-Local

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ၃ မိုင်ပတ်၀န်းကျင်မှာရှိတဲ့ရှိ လူနေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေက ဒီဇင်ဘာ ၁၀ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ ထပ်မံမီးရှို့ ဖျက်ဆီးသွားပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူတဦးက “ခလရ ၂၇၄ တပ်ရင်းက စစ်သားတွေက မင်းတပ်အနောက်ဘက်နားက ၃ မိုင်ရပ်ကွက်နားမှာရှိတဲ့အိမ်တွေကို မီးပုလင်း တွေနဲ့ပစ်ပြီး ထပ်မီးရှို့ခဲ့တာပါ။ အဲ့ဒိအိမ်တွေက ၂၇၄ တပ်ထဲက စာသင်ကျောင်းနဲ့ကပ်နေတာ။ မီးခိုးတွေလှမ်းမြင်နေရတာတော့များတဲ့ပုံရှိတယ်။ ဘယ်နှအိမ်လောက်မီးလောင်သွားလဲဆို တာတော့ မသိရသေးဘူးနော်။ တိုက်ပွဲတွေစတင်ချိန်ကတည်းက ပြည်သူပိုင်အိမ်တွေကို ရည်ရွယ်ချက် ရှိရှိမီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတယ်”လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မင်းတပ်မြို့မှာအခြေစိုက်တဲ့စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၄ အနီးမှာရှိတဲ့ လူနေအိမ်တွေကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့သလို နိုဝင်ဘာ ၃ ရက် ညနေပိုင်းကလည်း မင်းတပ်မြို့ ဆည်မြောင်း ဝန်ထမ်းအိမ်ယာတွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

CDF Mindat ရဲ့တာ၀န်ခံက  “တိုက်ပွဲတွေကတော့ဆက်တိုက်ရှိနေတာပေါ့။ မြို့ပေါ်မှာရှိတဲ့ မြို့ခံ ၄ ပုံ ၃ ပုံလောက် စစ်ဘေး ရှောင်ကုန်ကြတာ နှစ်ချီနေပြီလေ။ အဲ့တော့ ဒီမင်းတပ်မြို့ပေါ်က စစ် (--) တွေက ထင်သိလုပ်နေကြတာ။ လူမရှိတဲ့အိမ်တွေကိုဖေါက်ထွင်းပြီး လိုချင်တာတွေယူတယ်။ မီး ရှို့ဖျက်ဆီးတယ်။ တခါတလေ ခလရ ၂၇၄ ထဲကနေ လက်နက်ကြီးတွေနဲ့ပါ ပတ်၀န်းကျင်ရွာတွေကိုပစ်တယ်”လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကနေစတင်ပြီး ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့၀င်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မင်းတပ်မြို့ပေါ်က လူနေအိမ် ၈၀ နီးပါးမီးလောင်ပျက်စီးသွားခဲ့ရတယ် လို့လည်း မင်းတပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၉ ရက်ကစပြီး မင်းတပ်မြို့က စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ CDF Mindat ရဲ့တာ၀န်ခံက ထုတ်ပြန်ပြောဆိုလာပေမဲ့ တိုက်ပွဲရဲ့ အသေးစိတ် အခြေအနေကို တော့ ထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013