မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို ဒီဇင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်အများအပြား မီးလောင်ပျက်စီးသွားသလို တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်လို့ PDF ရဲဘော် ၂ ယောက် ကျဆုံးပြီး ဒေသခံပြည်သူ ၃ ယောက်လည်း သေဆုံးခဲ့တယ်လို့ သေဆုံးခဲ့သလို သိရပါတယ်။
သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ သစ်ရုံကျေးရွာကို မနက် ၆ နာရီလောက်မှာ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးနေတုန်း တော်လှန်ရေးတပ်နဲ့တိုက်ပွဲဖြစ်ချိန် မြင်းခြံမြို့ပေါ်ကစစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေ သေဆုံး ဒဏ်ရာရခဲ့တာပါ။
မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “စစ်တပ်နဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ မြင်းခြံ-နဘူးအိုင် ကားလမ်းဘေးက သစ်ရုံရွာကို ဝင်ပြီး မီးရှို့ဖျက်ဆီးကြတာ။ အဲဒီရွာက အိမ်ခြေ ၅၀၀ နီးပါးလောက်ရှိတဲ့ရွာကြီးဗျ။ အဲဒီထဲက အိမ်ခြေ ၂၀၀ လောက် မီးလောင်ပျက်စီးကုန်တယ်လို့ ကနဦးသိရပါတယ်” လို့ ပြောပါတယ်။
အဲဒီလို ဖျက်ဆီးနေချိန်မှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။
“သူတို့ဘက်က အင်အားများတာရယ်၊ မြင်းခြံမြို့ပေါ်က လက်နက်ကြီးပစ်ကူတွေရယ်ကြောင့်ရယ် ဒီဘက်က PDF ရဲဘော် ၂ ယောက်ကျသွားတယ်။ သူတို့ဘက်က ပစ်လိုက်တဲ့ ၆၀ မမ ဗုံးသီးထိလို့ ရွာခံ ၃ ယောက်လည်း သေသွားတယ်။ အမျိုးသမီး ၁ ယောက် ဒဏ်ရာရတယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ အညာဒေသတော်လှန်ရေးအင်အားစု (A.D.F) က ရဲဘော် ၂ ယောက်နဲ့ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားကြတဲ့ ဒေသခံပြည်သူ ၃ ယောက်ကို ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ သင်္ဂြိုလ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
သစ်ရုံကျေးကို မီးရှို့ဖျက်ဆီးပြီး တိုက်ပွဲအတွင်းကနေ ပြန်လည်ဆုတ်ခွာသွားကြတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာမရှိသေးပေမယ့် စစ်ကောင်စီကို ထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သစ်ရုံကျေးရွာအတွင်းက PDF တွေကို သွားရောက်ရှင်းလင်းရာ ၂ ယောက်သေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့လို့ အောင်ပွဲခံနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေကို ဖော်ပြနေကြပါတယ်။
မြင်းခြံမြို့ပေါ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေဟာ မြင်းခြံမြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်လုယက်တာတွေအပြင် လူနေအိမ်တွေကိုလည်း မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။