ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ထီဖက်နမ်ကျေးရွာကအိမ်တွေကို စစ်ကောင်စီဘက်ကမီးရှို့ခဲ့သလို ဒေသခံတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ PNLA က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထီဖက်နမ်ကျေးရွာက ဒေသခံ ၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
PNLA ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဒရုန်းနဲ့ လာကြဲတာတို့၊ အဝေးကနေ လက်နက်ကြီးနဲ့ပစ်တာတို့ ဆက်ဖြစ်နေတုန်းပါပဲ။ ဒေသခံအမျိုးသား ၄ ဦးကိုလည်း ဟိုနမ့်မှာရှိတဲ့ PNO ပြည်သူ့စစ်ရုံးကို ဖမ်းဆီးသွားတယ်။ အခု PNO ပြည်သူ့စစ်ရဲ့ လုပ်ရပ်ကတော့ ပအိုဝ်းဒေသကို ကိုယ်တိုင်မီးပြန်ရှို့တဲ့ လုပ်ရပ်ဖြစ်နေတယ်” လို့ ပြောပါတယ်။
ပအိုဝ်းဆရာတော်တွေ၊ သံဃာတော်တွေရဲ့ မေတ္တာရပ်ခံတာကို လျစ်လျူရှုပြီး စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းလူမျိုးတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ဖမ်းဆီးတာတွေက မှားယွင်းတဲ့လုပ်ရက်တွေဖြစ်နေပြီး ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်သုံးသပ်ဖို့ကိုလည်း သူက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ကြောင့် ပြည်သူတွေထိခိုက်သေဆုံးတာနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတဲ့အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး PNLA ထိန်းချုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့် PNLA တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ တပတ်ကျော်ကြာ ပြင်းထန်နေတာ ဖြစ်ပါတယ်။