ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့၊ ပဲခူးရိုးမအစပ်ရှိ ညောင်ပင်ဇင်းရွာအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အလုံး ၂၀ထက်မနည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါးက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးခဲ့တာလို့ ထွက်ပြေးလာတဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကြောင်းထိုးလာကတည်းက ရွာသားတွေ အကုန်ထွက်ပြေးကြတာပဲ၊ ရွာမှာတပ်စွဲပြီး မီးရှို့တာ။ ရွာမှာက အိမ်ခြေ အများကြီးမရှိဘူး၊ ၃၀ ကျော်လောက်ပဲရှိတာ၊ အိမ်ကြီးအိမ်ကောင်းတွေက ၁၅ လုံးလောက်ရှိတယ်၊ မီးရှို့တာက ၂ ရက် (နိုဝင်ဘာ၁၁၊၁၂)၊ အလုံး ၂၀ လောက် လောင်သွားတယ်ပြောတယ်၊ မပြန်ရဲသေးလို့ ပြန်မကြည့်ရသေးဘူး။”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ပြီး အဆိုပါကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာသွားချိန် နိုဝင်ဘာ ၁၃ ရက်မှာ သာယာဝတိခရိုင်အတွင်းမှ တပ်ရင်း ၃၈၀၂ ရဲ့ တပ်ခွဲတွေ၊ ရှေ့တန်းမြေပြည်သူ့ကာကွယ်ရေး (လက်ပံတန်း)၊ သာယာဝတီ ဂဠုန်တပ်ဖွဲ့တို့ စုပေါင်းပြီး နယ်မြေရှင်းလင်းရေးသွားရောက်ဆောင်ရွက်ခဲ့ကြောင်း ရှေ့တန်းမြေပြင်အဖွဲ့မှ တပ်ခွဲမှူး ကိုကိုအောင်က ပြောပါတယ်။
“ရဲဘော်တွေရောက်သွားတော့ မီးလောင်နေတဲ့အိမ်တွေရှိသေးတယ်၊ အဲဒါရေခပ်ပြီးဝိုင်းငြိမ်းရတယ်။ ဆိုင်ကယ်တွေ၊ စက်ပစ္စည်းတွေလည်း မီးလောင်ကုန်တာတွေ့တယ်။ စစ်ကောင်စီတက်ဖွဲ့ဝင်တွေတော့ မရှိတော့ဘူး။ တိုက်ပွဲမရှိပဲ တမင် ရွာကိုဝင်ပြီး မီးရှို့သွားတာ။”
အဆိုပါကျေးရွာရှိ ပြည်သူတွေဟာ ပဲခူးရိုမအား မှီခိုပြုပြီး ရှာဖွေစားသောက်နေကြတာဖြစ်ပြီး ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုအခြေနေကိုတော့ မသိရသေးကြောင်း တပ်ခွဲမှုး ကိုကိုအောင်က ဆက်ပြောပါတယ်။
“အိမ်တွေကလည်း တအိမ်နဲ့တအိမ်ဝေးတယ်၊ အဲဒီတော့ မီးရှို့တော့ တအိမ်ချင်းလိုက်ပြီး မီးရှို့သွားတာ၊ ရွာသားတွေ နဲ့ အဆက်သွယ်မရသေးတော့ အဖမ်းခံရလား၊ အသတ်ခံရလား သေချာမသိရသေးဘူး။”
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း လက်ပံတန်းမြို့နယ် ပဲခူးရိုးမအစပ် ရေငံကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှတပ်မ (၆၆) မှ ဗိုလ်မှူးအဆင့်တဦး၊ ဗိုလ်ကြီးအဆင်တဦး၊ ရဲတပ်ရင်း (၁၀) မှ ရဲအုပ်အဆင့် တဦးနဲ့ ဒုရဲအုပ်အဆင့် ၂ ဦး အပါအဝင် ၂၀ ကျော်သေဆုံးပြီး ၁၀ ဦးအဖမ်းခံရကာ လက်နက်အများပြား ဆုံးရှုံးခဲ့ပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ရေငံရွာနဲ့ အုတ်ဖိုစုရွာရှိ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။