Home
မြန်မာသတင်း
ကန့်ဘလူတွင် လူနေအိမ် ၈၀၀ ကျော်ကို စစ်တပ်က မီးရှို့၊ ဒေသခံ ၂၀၀ ကျော်ကို ဖမ်းဆီး 
DVB
·
November 12, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လူနေအိမ် ၈၀၀ ကျော် မီးရှို့ခဲ့ပြီး ပြည်သူ ၂၀၀ ကျော်ကို ဖမ်းဆီးကာ တပ်သားသစ်အဖြစ် ပြည်သူ့စစ်‌သင်တန်း ပေးနေတယ်လို့ ကန့်ဘလူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းက ကျောင်းကုန်း၊ ဖိုလ်ကုန်း၊ သပြေသာရွာတို့ကို နိုဝင်ဘာ ၉ ရက်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၁၂၀ ကျော်က ဝင်ရောက်မီးရှို့ခဲ့ရာ လူနေအိမ် ၁၃၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇီးကုန်းတိုက်နယ် ပကဖတာဝန်ခံက “စစ်ကြောင်းကမြို့ထဲမှာ အင်အား ၂၀၀ ကျော်လောက်ရှိမယ်၊ ထိတွေ့မှုကတော့ မရှိဘူး၊ မိုင်းဆွဲတာတို့၊ ဒရုန်းဗုံးကြဲတာတို့ပဲ ရှိတယ်။ သူတို့ကတော့ ပစ်ဝင်ဝင်တာပေါ့။ ၉ ရက်၊ ၁၁ လ၊ ၂၀၂၄ တုန်းက သပြေသာရယ်၊ ဖိုကုန်းရယ်၊ ကျောင်းကုန်းရွာရယ်ကို မီးရှို့တာ။ သပြေသာရွာမှာတော့ ၆၇ လုံး၊ ဖိုကုန်းက ၂၁ လုံး၊ ကျောင်းကုန်းရွာက ၅၄ လုံး” လို့ ပြောပါတယ်။

သပြေသာရွာက ပြည်သူတယောက်ကိုလည်း စစ်ကြောင်းက မီးရှို့သတ်ဖြတ်ခဲ့ပြီး သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေထဲ ဝင်ရောက်စီးနင်းရင်း ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂၀၀ နီးပါးရှိနေပြီလို့လည်း သိရပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းထဲ ခေါ်ဆောင်သွားပြီး ပြည်သူ့စစ်သင်တန်းတွေပေးနေကာ တချို့ကိုတော့ ရှေ့တန်းအထိ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ကန့်ဘလူ   တော်လှန်ရေးအဖွဲ့ဝင်တယောက်က “ထိတွေ့တိုက်ပွဲဖြစ်ဖို့ထက် ပြည်သူတွေ ကယ်ထုတ်နိုင်ဖို့ပဲ ကြိုးစားနေရပါတယ်၊ ဖမ်းခံရတဲ့ ပြည်သူက ၂၀၀ ကျော်လောက်တော့ရှိပြီ။ ပြည်သူတွေကိုတော့ ဖမ်းခံရတဲ့ နေ့ကတည်းကနေ မနက်ပိုင်းမှာ ဖမ်းမိတယ်၊ ညနေပိုင်းမှာ ၆၀၀၆ ကိုပို့တယ်၊ ၆၀၀၆ ထဲ ရောက်ပြီးတာနဲ့ စစ်မှုမထမ်းမနေရဆိုပြီးတော့ တပ်သားအဖြစ် သွတ်သွင်း၊ သေနတ်အဖြုတ်အတပ်တွေသင်၊ ယူနီဖောင်းတွေဝတ်ပေးပြီးတော့မှ တခြားမြို့နယ်ဘက်ကို ပို့နေတာတွေ့ရတယ်။ စစ်သားတွေကကျေးရွာတွေကို ဝင်ပြီး ပြည်သူတွေကို ဖမ်းတယ်၊ ပစ္စည်းတွေကို ခိုးယူတယ်” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့တာနဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၇ ရွာက ပြည်သူ ၈၀၀၀ နီးပါး အရေးပေါ်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်လာရတာ ၂ ပတ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေလည်း ရှိနေပါတယ်။

ကန့်ဘလူမှာ နိုဝင်ဘာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာပေါင်း ၈၀၀ ကျော်ရှိပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇီးကုန်း ပကဖ တာဝန်ခံက “ပြည်သူတွေကတော့ အကုန်စစ်ဘေးရှောင်နေရတယ်၊ သူတို့ရှောင်နေတာ ၇ ရက် ၈ ရက်ရှိပြီ။ မြောက်ပိုင်း ထန်းကုန်းတိုက်နယ်ဘက်မှာ စစ်ရှောင်စခန်းပုံစံမျိုးရှိတယ်၊ အဲ့ဘက်သွားရှောင်ကြတာ။ ရွာပြန်လာဖို့က အဆင်မပြေဘူး၊ ဇီးကုန်းနဲ့ ကျနော်တို့ရွာက မီတာ ၁၀၀ လောက်ပဲ ဝေးတယ်။ စစ်ရှောင်ကတော့ ကျနော်တို့ရွာတဝိုက်တင် ၆ ထောင်၊ ၇ ထောင်လောက်ရှိပြီ။ လက်ရှိ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်ဗျ အဲ့ရွာတွေထဲမှာပဲ။ မြို့ထဲကနေပြီးတော့ သူတို့မထင်ရင် မထင်တဲ့ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ် ဒရုန်းတွေနဲ့ဗုံးကျဲတယ်၊ မထင်ရင်မထင်သလို မီးရှို့တယ်” လို့ ပြောပါတယ်။

ရွာသားတွေကို ၅၅၀ ဆရာတော်ဦးဝါသဝရဲ့ ပျုစောထီးတပ်ဖွဲ့တွေက ဦးဆောင် ဖမ်းဆီးနေပြီး ကန့်ဘလူမြို့အနီး ဇီးကုန်းမှာ အခိုင်အမာတပ်စွဲကာ ကျေးရွာတွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာလို့  ဒေသခံတွေက ပြောပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013