ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း ငသိုင်းချောင်း၊ ကျုံပျော်တို့ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ဒေါင်းချောင်ဂိတ်စခန်းနဲ့ ဗေဒါဂိတ်စခန်း ၂ ခုကို ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂွမြို့ကမ်းခြေတလျှောက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ကြားက စစ်ကောင်စီအတွက် အရေးပါတဲ့ ဂိတ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ကျုံပျော်မြို့မှာနေထိုင်တဲ့ အမျိုးသမီးတယောက်က "သေနတ်သံတွေ အဆက်မပြတ်ကြားနေရတယ်။ ဧရာဝတီတိုင်းထဲ စစ်ဖြစ်ပြီဆိုပြီး ကြောက်လန့်နေကြတာ။ မနက်မိုးလင်းတော့ ရခိုင်ရိုးမ ကားလမ်းပေါ်မှာ ရှိတဲ့ စစ်တပ်ရဲ့ အရေးပါလှတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်စခန်း ၂ ခုစလုံးကို AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်လိုက်ပြီဆိုတဲ့ သတင်းကြားရတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ အမျိုးမျိုး အဖိအနှိပ်ခံနေရတဲ့ ဧရာဝတီတိုင်းအတွက် မျှော်လင့်ချက်တွေ မကင်းမဲ့တော့ဘဲ မျှော်လင့်ထားသမျှတွေ ဖြစ်လာပြီမို့ အမြန်ဝင်တိုက်ပါစေ ဆုတောင်းနေရတယ်လို့ ဒေသခံက ဆိုပါတယ်။
နောက်ထပ် ဒေသခံတယောက်က “ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့အပေါင်းအပါတွေက ပျော်ပါးမြူးထူးပြီး မသထာရေစာတွေစားပြီး ချမ်းသာနေကြတာတွေ အခု ရောင်နီသန်းလာတာကို မျှော်လင့်နေပြီမို့ အာရက္ခတပ်တော် AA နဲ့ PDF လေးတွေ ဧရာဝတီတိုင်းထဲရောက်ရင် သိရမှာဖြစ်လို့ ပြည်သူတွေ ကြိုဆိုဖို့ အားလုံးအဆင်သင့်ပြင်ထားတယ်”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲကနေ ရခိုင်ပြည်နယ် ဆက်သွယ်ထားတဲ့ ရိုးမလမ်းတလျှောက်မှာ စစ်ကောင်စီတပ်က ကင်းပုံးဝပ်တာ၊ ကင်းလှည့်တာတွေကို အရပ်သားအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်တွေ အပါအဝင် စစ်သားတချို့နဲ့ လုံခြုံရေးတင်းကျပ်ထားပြီး ကုန်းလမ်းပိုင်းတလျှောက်မှာပါ စစ်တပ်က နင်းမိုင်း တိုက်မိုင်း မြေမြှုပ်မိုင်းတွေ လိုက်လံထောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။