Home
မြန်မာသတင်း
စစ်ကောင်စီတပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အသေဖမ်းမိကြောင်း AA အတည်ပြု
DVB
·
December 19, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို အာရက္ခတပ်တော် (AA) က အပြီးသတ် တိုက်ခိုက်ချေမှုန်းချိန်မှာ ထွက်ပြေးသွားတဲ့ အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ AA က  ဒီဇင်ဘာ ၁၈ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

မောင်တောမြို့မှာ တခုတည်းကျန်ခဲ့တဲ့ နခခ ၅ စခန်းကိုတော့ အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက အပြီးသတ် ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေခဲ့တဲ့ တပ်မမှူး အောင်နေမျိုးကို မောင်တောမြို့နယ်၊ ရွှေဇားကမ္ဏကောင်းချောင်းအနားမှာ ရွှေတုံးတချို့ အပါအဝင် အခေါက်ရွှေတုံးတွေ၊ ငွေသား သိန်း ၈၀၀ နဲ့အတူ အသေဖမ်းမိခဲ့တာလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပ်မမှူး အောင်နေမျိုးဟာ မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီနဲ့ အစဉ်အဆက် ပူးပေါင်းလာတဲ့ ဒေသခံ မွတ်ဆလင်တွေရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အာရက္ခတပ်တော် (AA) ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့်တပ်တွေက ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးချိန်မှာ AA ထောင်ထားတဲ့မိုင်းကို နင်းမိပြီး သွေးထွက်လွန် သေဆုံးခဲ့တာလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗိုလ်မှူးကြီးအောင်နေမျိုး သေဆုံးတာ အပါအဝင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေ  စစ်ရေးအရ အရေးနိမ့်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိဘဲ ထိန်ချန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013