ဧရာဝတီတိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတဲ့ ရခိုင်ဒေသက ပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်လံဖမ်းဆီးနေတာတွေနဲ့ သတ်မှတ်ရက်အတွင်း ထွက်ခွာကြဖို့ ဖိအားပေးမောင်းထုတ်တာတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ပထမအပတ်အတွင်း ဧရာဝတီတိုင်း ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေတွေဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ ကြပါတယ်။
အဲ့ဒီစစ်ရှောင်တွေကို ဒီဇင်ဘာ ၁၅ ရက်ကနေ တပတ်အတွင်း ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေတွေကနေ အပြီးသတ်ထွက်ခွာကြဖို့ သတိပေးထားတာဖြစ်ပြီး သတ်မှတ်ထားတဲ့ ရက်မပြန်ရင် အင်အားသုံးမောင်းထုတ်ခံရမယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။
ဂွဒေသခံ စစ်ဘေးရှောင်တယောက်က “ရခိုင်မှာက တိုက်ပွဲတွေပြင်းထန်နေတော့ ရှောင်စရာဆိုလို့ ရခိုင်နဲ့ နီးစပ်တာက ဧရာဝတီပဲရှိတာလေ။ ဒါကြောင့် ဒီဘက်ကိုဘဲ ရှောင်တာလေ၊ အဆိုးဆုံးက စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လုံးဝ နေထိုင်ခွင့်မပြုဘူး။ ဘယ်မှာ သွားနေရမှန်းတောင် မသိပါဘူး။ ရခိုင်ရိုးမအစပ်နဲ့ တောတောင်တွေထဲမှာ နေတာပေါ့။ ဒါကိုလိုက်ဖမ်းပြီး မောင်းထုတ်နေတာတွေရှိတယ်။ ဒီဘက်မှာကျတော့ ဂွဘက်ကနေ စစ်ဘေးရှောင်တွေ ပိုများလာတာပေါ့။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် ၄၀၀ လောက်တော့ ရှိမယ်၊ ၇ ရက်အတွင်း ရခိုင်ဘက်ကိုပြန်ဖို့ နှင်ထုတ်နေတာပဲ။ ပျော်လို့လာနေတာမှ မဟုတ်တာ သူတို့နှင်ထုတ်တော့ အန္တရယ်ရှိလည်း သွားရမှာပေါ့”လို့ ပြောပါတယ်။
ဂွမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးလာတဲ့စစ်ရှောင်တွေထဲမှာ AA နဲ့ PDFတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲ ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။ ဧရာဝတီတိုင်း တိမ်းရှောင်ရတာ အဆင်မပြေလို့ ရန်ကုန်မြို့ကို ရွှေ့ပြောင်းရတာ မျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ရောက် စစ်ဘေးရှောင်တယောက်က “ယောကျ်ားလေးလည်း ဖြစ်မယ် ငယ်လည်း ငယ်မယ်ဆို အခြေအနေမကောင်းရင် စစ်သားစုဆောင်းတဲ့ထဲ ပါသွားနိုင်တယ်။ လှိုင်သာယာဘက်မှာ ပါသွားတာတွေ အရမ်းများတယ်။ ကျနော်တို့ဆိုလည်း မှောင်နေရင် အခန်းကိုအမြန်ပြန်လာရတယ်။ ည ၆ နာရီလောက်ဆို အခန်းပြန်လာတာအကောင်းဆုံးပဲ။ ဒီမှာက ၁၁ မျဉ်းစောင်း မဟုတ်တဲ့ လူငယ်တွေပါ ကြုံရင်ကြုံသလို အဆွဲခံရတယ်၊ ပျောက်သွားတယ်လေ၊ ၁၁ မျဉ်းစောင်းဆို ပိုဆိုးတာပေါ့၊ မျှော်လင့်ချက်မှ မရှိတာ။ အသက်ကြီးပိုင်းတွေတောင်မှာ မသင်္ကာလို့ ခေါ်သွားပြီး အခြေအနေမကောင်းရင်အချုပ်ထဲရောက်သွားနိုင်တယ်။ အလုပ်တခုလုပ်မယ်ဆိုရင်တောင် ၆ နာရီလောက်ဆို အိမ်ပြန်ရောက်ပါ့မလား၊ မရောက်တဲ့အလုပ်ဆို မရွေးချယ်ရဲဘူး။ ရခိုင်က စစ်ဘေးရှောင်တွေက ညဘက်မှောင်တဲ့အထိ လုပ်ရမယ့်အလုပ်ကိုလည်း မရွေးချယ်ရဲဘူးဆိုတော့ အလုပ်ရရှိမှု အပိုင်းကလည်း တော့်တော့်ကိုခက်ခဲတယ်”လို့ ပြောပါတယ်။
ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ဟာ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြတာရှိသလို နီးစပ်ရာ ဧရာဝတီတိုင်း ၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ စစ်ဘေးရှောင်နေကြတာလည်း ရှိပါတယ်။
ကေခိုင်