ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေး သင်တန်းဆင်း တပ်သားသစ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၂၄ ယောက်ထက်မနည်း ထွက်ပြေးသွားလို့ စစ်ကောင်စီတပ်က နေအိမ်ကိုချိပ်ပိတ်ပြီး မိသားစုတွေကို ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုကာ ပြန်လည်ခေါ်ယူနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်ကနေ ၁၆ ရက်အထိ သာပေါင်း၊ ကျုံပျော်၊ ပုသိမ် စတဲ့မြို့နယ်တွေက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၅ ယောက်၊ စစ်ကောင်စီတပ်သား ၄ ယောက်၊ ပြည်သူ့လုံခြုံရေး သင်တန်းဆင်းတပ်သားသစ် ၁၅ ယောက် ထွက်ပြေးတိမ်းရှောင်နေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အခုက ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး ခေါ်ထားတဲ့ သင်တန်းဆင်းတပ်သားတွေပါ စစ်မြေပြင်ပို့ဖို့ ပြင်နေတာကို သိတော့ ထွက်ပြေးကုန်တာ။ စစ်ကောင်စီတပ်က စစ်ရှုံးနေတာကို တွေ့မြင်နေရတော့ ဘယ်သူမှတောင်မခံတော့ဘူး။ စစ်သားတွေ၊ ရဲတွေပါ အကုန်ထွက်ပြေးလာတာ။ တိုင်းမှူးအမိန့်နဲ့ ခြိမ်းခြောက်ခေါ်နေတာ” လို့ ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေသူတွေထဲမှာ ပုသိမ်မြို့နယ်က ရဲအုပ် ၁ ယောက် အပါအဝင် ၅ ယောက်၊ သာပေါင်းမြို့နယ်က ပြည်သူ့လုံခြုံရေး သင်တန်းဆင်း တပ်သားသစ် ၁၅ ယောက်၊ ကျုံပျော်မြို့နယ်က စစ်ကောင်စီတပ်သား ၄ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “သာပေါင်းဘက်မှာက သာပေါင်း ခလရ ၃၀၈ တပ်ကနေ ထွက်ပြေးတာ။ ရဲတပ်ဖွဲ့ဝင်တွေက ပုသိမ်မှာတာဝန်ကျနေရင်း ရခိုင်ဘက် အပြောင်းခံရလို့ ထွက်ပြေးတာ။ ကျုံပျော်က ကျုံပျော်တပ် ခလရ ၃၆ တပ်ရင်းက စစ်ကောင်စီအရင် တပ်သားတွေ ထွက်ပြေးတာ။ မိသားစုတွေကိုလည်း ခေါ် ခြိမ်းခြောက်နေတယ်။ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တပ်ပေါင်းပြီး ထွက်ပြေးသူတွေကိုလည်း အပူတပြင်း လိုက်ရှာနေတာ” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့သူတွေထဲက သာပေါင်းမြို့အမှတ် ၃ ရပ်ကွက်က ပြည်သူ့စစ် ၂ ယောက်ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ချိပ်ပိတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းတပ်သား စုဆောင်းမပေးနိုင်တာ၊ တပ်သားသစ်တွေ၊ ရဲတွေ၊ တပ်သားတွေ ထွက်ပြေးတာနဲ့ ပတ်သက်ပြီး ပုသိမ်၊ သာပေါင်း ကျုံကျော်မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဗိုလ်မှူးတွေ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို တိုင်း လုံ/နယ် ဝန်ကြီး မိုးမင်းနိုင်က ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။