ပြီးခဲ့တဲ့တလအတွင်း ရခိုင်ပြည်နယ်ကို တင်ပို့မယ့် ကုန်တင်ကားတွေနဲ့ လူ ၉ ယောက်ကို စစ်ကောင်စီက ဧရာဝတီတိုင်း စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းကနေတဆင့် ရခိုင်ပြည်နယ်ကို တင်ပို့မယ့် ကုန်တင်ကား ၈ စီး၊ ကုန်တင်သင်္ဘော ၁ စီးနဲ့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် ၉ ယောက်ကို စစ်ကောင်စီတပ်က တရားမဝင်ကုန်စည်တွေ တင်ဆောင်လာတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အိမ်မဲမြို့နယ် ကျွန်းကုန်းကျေးရွာအနီးမှာ ကုန်တင်ကား ၇ စီးနဲ့ ရေကြည်မြို့နယ် ရေနံသာ စစ်ဆေးရေးဂိတ်မှာ ၁ စီးကို ဖမ်းခဲ့တာ။ ကုန်တင်ယာဉ်ကတော့ ငပုတာသင်္ဘောဆိပ်မှာ ဖမ်းခဲ့တာ။ တပ်ကစစ်တော့ ရခိုင်ဘက်ပို့မယ့်ကုန်တွေဆိုတာနဲ့ တရားမဝင်ကုန်စည်ဆိုပြီး ဖမ်းခဲ့တာ။ ရန်ကုန်ဘက်ကနေ စားသောက်ကုန်ပစ္စည်း တင်လာတဲ့ ကုန်ကားတွေပါ။ ဧရာဝတီတိုင်းကနေတဆင့် ရခိုင်ပြည်နယ်ဘက်ကို တင်ပို့ဖို့လာရင်း အဖမ်းခံရတာလေ” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ ကုန်တင်ယာဉ်တွေထဲမှာ ရခိုင်ပြည်နယ်က စားသောက်ကုန် လုပ်ငန်းရှင်တွေဆီ တင်ပို့မယ့် ဆန်၊ ဆား၊ စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ အဝတ်အထည်တွေနဲ့ ဆပ်ပြာတွေပဲ စစ်ဆေးတွေ့ရှိတယ်လို့ နီးစပ်သူဆီက သိရပါတယ်။
လက်ရှိ အဖမ်းခံရတဲ့ ကုန်တင်ယာဉ်တွေကို စစ်ကောင်စီတပ်က သိမ်းဆည်းထားပြီး ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို အိမ်မဲနဲ့ ငပုတောမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ပထမပတ်ထဲမှာ ရခိုင်ပြည်နယ်ကိုတင်ပို့မယ့် ကျပ်သိန်းပေါင်း ၆၀,၀၀၀ ခန့်နဲ့ စားသောက်ကုန်စည်တွေ သယ်လာတဲ့ စက်လှေတစင်းကို ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။