ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ရခိုင်စစ်ဘေးရှောင် ၄ ယောက်ကို မနေ့ ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ၄ ယောက်ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ စစ်ဘေးရှောင်ဖို့ ဧရာဝတီတိုင်းဘက် ထွက်လာသူတွေဖြစ်ပြီး ဟိုင်းကြီးကျွန်းမြို့အနီး တောစပ်တနေရာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
နီးစပ်သူတယောက်က “ခြေလျင်လျှောက်လာကြတာ။ အမျိုးသားတွေချည်းပဲလို့ သိရတယ်။ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းနေတာနဲ့ တိုးပြီး အဖမ်းခံရတာ။ AA တပ်ဖွဲ့ဝင်ဆိုပြီး ဖမ်းတာလို့ သိရတယ်။ ဘယ်မှာထားတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ၄ ယောက်မှာ အသက် ၄၀ ကျော်အရွယ် တယောက်၊ အသက် ၂၀ ကျော်အရွယ် ၂ ယောက်နဲ့ အသက် ၁၆ နှစ်ဝန်းကျင် တယောက်တို့ဖြစ်ပြီး ဖမ်းသွားတဲ့ စစ်ကောင်စီတပ်သားတွေက ဟိုင်းကြီးကျွန်း ပမ္မဝတီတပ်ကလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲက ဟိုင်းကြီးကျွန်း အပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ PDF တွေ ဝင်ရောက်နေတယ်ဆိုပြီး စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေသလို ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရွာတွေမှာလည်း စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတယ်လို့ သိရပါတယ်။