ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမြို့ သစ်ပုတ်တံခါးရွာနားမှာ ရခိုင်ဘက်ကလာတဲ့ စစ်ဘေးရှောင် ၄ ယောက်ကို စစ်ကောင်စီတပ်က PDF ဆိုပြီး ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်လာတဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၉ ရက် မနေ့ နေ့လယ်ပိုင်းက ဖမ်းခေါ်သွားတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တယောက်က “ဦးလေးမောင်ဆိုတဲ့ တယောက်အပါအဝင် ၄ ယောက် အဖမ်းခံရတာ။ ရခိုင်ပြည်နယ်ကလာတာလို့ စစ်ဆေးချက်အရ သိရတယ်။ ကင်းလှည့်နေတဲ့ တပ်က ဖမ်းတာ။ ဘယ်ဖမ်း ခေါ်သွားတယ်တော့ မသိသေးဘူး” လို့ ပြောပါတယ်။
အဖမ်းခံရသူ ၄ ယောက်ကတော့ အသက် ၄၀ ကျော်နဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၃ ယောက်၊ အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းကလည်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေနားမှာ ရခိုင်ပြည်နယ်ကလာတဲ့ စစ်ဘေးရှောင် ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်ကလည်း ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ရွှေသောင်ယံ ကမ်းခြေက အရပ်သား ၁၁ ယောက်ကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲဖမ်းဆီးသွားပြီး နေအိမ် ၁ လုံးကိုလည်း ချိပ်ပိတ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေကြပြီး ဧရာဝတီတိုင်းထဲမှာ မကြာခဏ အဖမ်းခံနေရတာဖြစ်ပါတယ်။