ထိုင်းအရှေ့မြောက်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ပတ္တယားကမ်းခြေမှာ နိုဝင်ဘာ ၂၁ ရက်က မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သမား ၁၀၀ ကျော် စစ်ဆေးဖမ်းဆီးခံရတယ်လို့ FM 91 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်ရွှေ့ပြောင်းလုပ်သား အမြောက်အမြားနေထိုင်ပြီး ထိုင်းလူမျိုးတွေ သာလုပ်ကိုင်ခွင့်ရှိတဲ့အလုပ်မှာ ဝင်ရောင်လုပ်ကိုင်နေကြောင်း သတင်းပေးချက်ရတဲ့အတွက် မနေ့က လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရုံး၊ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေနဲ့အတူ ၂ ဖွဲ့ခွဲပြီး ဦးတည်ရာနေရာ ၂ ခုကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ချွန်းပူးရီးခရိုင်ရဲမှူးကြီး နဖတ်စ်ဖုန်း ခိုဆစ်ဆူရိယမဏီးက သတင်းထောက်ကို ပြောပါတယ်။
ပထမတနေရာမှာ ပတ္တယားမြို့ ဆမ်ဖတ်ထယားတိုက်ရပ်ကွက်ထဲရှိ တိုက်ခန်းတွဲဖြစ်ပြီး အဲဒီမှာ အခန်းပေါင်း ၅၀ ကျော်ရှိတယ်၊ နိုင်ငံခြားသားတွေ ငှါးရမ်းနေထိုင်ကြတယ်၊ တာဝန်ရှိသူတွေ ရောက်သွားတဲ့အခါမှာ တိုက်ခန်းအနောက်ဘက် ခြံစည်းရုံးကိုကျော်ပြီး ကစဉ့်ကလျား ထွက်ပြေးသွားကြတယ်၊ တာဝန်ရှိသူတွေက အနောက်ကလိုက်ဖမ်းတာမှာ တချို့ကိုဖမ်းမိတယ်၊ အဲဒီမှာတရားမဝင်အလုပ်သမားပေါင်း ၁၀၀ ကျော်ကိုစစ်ဆေးဖမ်းဆီးခဲ့တယ်၊ မြန်မာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံသားတွေ ပါဝင်ပြီး အများစုမှာ မြန်မာနဲ့ အိန္ဒိယနိုင်ငံသားတွေလို့ ဆိုပါတယ်။
နောက်တနေရာကတော့ ပတ္တယားတောင်ပိုင်း ချိုင်းမုန်းခုံးဈေးကြီးနဲ့ အနီးတဝိုက်က ဈေး ဆိုင်တွေဖြစ်တယ်၊ အဲဒီနေရာတဝိုက်ကနေ ကားရေဆေးဆီလိုက်အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ ယောက်၊ သင်္ကန်းပရိက္ခယာရောင်းနေတဲ့ လာအို တယောက်၊ ဆိုင်ကယ် ကယ်ရီလုပ်နေသူ ယာယီတောင်ပေါ်သားကတ်ကိုင်ဆောင်သူ တယောက်တို့ကို ခွင့်ပြုချက်မရတဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။