Home
မြန်မာသတင်း
ထိုင်းလုပ်ငန်းခွင်တွင်  မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ဖမ်းဆီးခံရ 
DVB
·
November 8, 2024
Photo-Khaosod

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်နဲ့ ထိုင်းအလယ်ပိုင်း စမွတ်ပရကန်ခရိုင်ထဲမှာ ခုရက်ပိုင်းအတွင်း  ထိုင်းတာဝန်ရှိသူတွေက လုပ်ငန်းခွင်တွေလိုက်လံစစ်ဆေးနေရာမှာ ဥပဒေနဲ့မညီညွတ်တဲ့ ရွှေ့ပြောင်းလုပ်သား အယောက် ၄၀၀ ကျော်ဖမ်းဆီးခံရပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်နဲ့ အများဆုံးဖြစ်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံထဲကို အခက်အခဲအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ငန်းခွင်ထဲရောက်ပြန်တော့လည်း သက်ဆိုင်ရာက လာရောက်စစ်ဆေးတဲ့အခါမှာ အထောက် အထားမပြည့်စုံလို့ ဖမ်းဆီးခံနေရတာပါ။ 

ချွန်းပူးရီးခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ နယ်မြေခံရဲ၊ အုပ်ချုပ်ရေးရုံးနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဝင်အင်အား ၅၀ ကျော်ဟာ နိုဝင်ဘာ ၇ ရက် ) မွန်းလွဲပိုင်းက ပတ္တယားမြို့ပေါ်ရှိ ပြုပြင်ဆောက်လုပ်ဆဲ ၁၂ ထပ်တိုက် လုပ်ငန်းခွင်နဲ့ ဆီရားချားမြို့  အလုပ်သမားတန်းလျားကို သွားရောက်စစ်ဆေးခဲ့တယ်လို့ Banmuang ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တာဝန်ရှိသူတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်သွားတဲ့အခါမှာ အလုပ်သမားတွေဟာ လက်ထဲရှိ လုပ်ငန်းသုံးပစ္စည်းတွေ လွှတ်ချပြီး ၁၂ ထပ်တိုက်ရှိ တွေ့ရာအခန်းတွေထဲ ဝင်ပုန်းတာ ၊ ခြံစည်းရိုးကို ခုန်ကျော်ပြီး  ထွက်ပြေးသွားတာရှိတယ်၊ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးစစ်ဆေးရာမှာ ဥပဒေနဲ့မညီညွတ်တဲ့ အလုပ်သမား အယောက် ၁၀၀ ကျော်ကို ဖမ်းမိတယ်လို့ဆိုပါတယ်။

အဆိုပါလုပ်ငန်းခွင်မှာ ထိုင်း၊ မြန်မာ ၊ ကမ္ဘောဒီးယားစတဲ့အလုပ်သမားတွေ ၅၀၀ ကျော်ဝင် ရောက်လုပ်ကိုင်နေတယ်၊ အဲဒီထဲက ဥပဒေနဲ့ မညီညွတ်သူ ၁၀၀ ကျော်ဖမ်းမိတယ်၊ မြန်မာလုပ်သားအများစုဖြစ်ပြီး တာ့ခ်ခရိုင် မဲဆောက်ကနေ တရားမဝင် ဝင်လာကာ ဘာအထောက်အထားမှ မရှိသူက ၁၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ 

တနေ့တည်းမှာဘဲ ချွန်းပူးရီးခရိုင် ဆီရားချားမြို့နယ် ဘင်ရပ်ကွက် ပင်ထောင်းလမ်းရှိ အလုပ်သမားတန်းလျားကို သွား‌ရောက်စစ်ဆေးခဲ့တာမှာ ကစင့်ကလျားထွက်ပြေးကြတယ်၊ ထွက်ပြေးသူတွေကို လိုက်ဖမ်းပြီးစစ်ဆေးတာမှာ အလုပ်သမားကတ် နေထိုင်ခွင့်ကတ် သက်တမ်းကုန်သူ၊ နေရပ်လိပ်စာအကြေားမကြားသူ ၊ တရားမဝင်နေထိုင်သူ စုစုပေါင်း ၂၁ ယောက်ဖမ်းမိတယ်၊ အဆိုပါတန်းလျားမှာ အလုပ်သမား ၃၀၀ ကျော်နေထိုင်ပြီး မြန်မာအများစုလို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၆ ရက်ကလည်း စမွတ်ပရကန်ခရိုင် လဝက၊ နယ်မြေခံရဲ၊ အုပ်ချုပ်ရေးနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေပါတဲ့ အင်အား ၄၀၀ ကျော်ဟာ အဖွဲ့တွေခွဲပြီး လုပ်ငန်းခွင်နဲ့ အလုပ်သမားတိုက်ခန်း စုစုပေါင်းနေရာ ၃၀ ကိုသွားရောက်စစ်ဆေးခဲ့တယ်လို့ khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါနေရာပေါင်း ၃၀ မှ အလုပ်သမားစုစုပေါင်း ၂,၀၀၀ ကျော်ကို စစ်ဆေးခဲ့တယ်၊ အဲဒီထဲမှာ ဥပဒေနဲ့မညီညွတ်သူ စုစုပေါင်း ၂၈၇ ယောက်တွေ့ရှိပြီး မြန်မာလုပ်သား ၁၆၁ ယောက် ၊ ကမ္ဘောဒီးယား ၇၅ ယောက်၊ လာအို ၂ ယောက်နဲ့ ထိုင်း ၄၉ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ 

အဲဒီထဲမှာလည်း တရားမဝင် ဝင်ရောက်နေထိုင်သူ ၁၉၃ ယောက် ၊ နေထိုင်ခွင့်သက်တမ်း ဗီဇာကုန်ဆုံးသူ ၁၇ ယောက်၊  အလုပ်အမျိုးအစားမှားယွင်းလုပ်ကိုင်သူ ၇ ယောက်၊ နေရပ်လိပ်စာအကြောင်းမကြားသူ ၆၇ ယောက်နဲ့ တခြားပြစ်မှုကျူးလွန်သူ ၅ ယောက် ရှိတယ်။ ဥပဒေနဲ့ မညီညွတ်သူတွေကို ဒဏ်ငွေအသီးသီးပေးဆောင်စေတာမှာ နိုင်ငံတော် ရန်ပုံငွေ ဘတ် ၂၅၀,၀၀၀ ရရှိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ 

Source: Banmuang / Khaosod 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013