မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လေးလံမြေရှားသတ္တုအောက်ဆိုဒ် (Heavy Rare Earth Oxides) တင်ပို့မှုဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ၉ လတာကာလအတွင်း တန်ချိန်ပေါင်း ၃၁,၀၀၀ ကျော်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၈၀ ကျော်ရှိပါတယ်။
ဒါဟာ တရုတ်နိုင်ငံက အခုနှစ်အတွင်း ပြည်ပကနေ တင်သွင်းတဲ့ လေးလံမြေရှားသတ္တုအောက်ဆိုဒ် ပမာဏရဲ့ ၄ ပုံ ၃ ပုံ နဲ့ ညီမျှပါတယ်။
Source- တရုတ်နိုင်ငံ အထွေထွေ အကောက်ခွန် ကြီးကြပ်ရေးဌာန
မြေရှားသတ္တု ထုတ်လုပ်တင်ပို့မှုဟာ ၂၀၁၇ ခုနှစ်ကနဲ့ ယှဉ်ရင် တနှစ်ထက်တနှစ် တိုးလာနေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ပိုမို ထုတ်လုပ်တင်ပို့လာတာကို အကောက်ခွန် ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။
၂၀၂၂ ခုနှစ် တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် တရုတ်ကို တင်ပို့တဲ့ ပမာဏ နည်းသွားတာကလွဲရင် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ ပို့ကုန်ပမာဏ ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။
တကမ္ဘာလုံးက လေးလံမြေရှားသတ္တုလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိနေတာဖြစ်ကြောင်းနဲ့ လက်ရှိမြန်မာပြည်တွင်းက အခြေအနေတွေကြောင့် မြေရှားသတ္တုဈေးနှုန်း ဆက်တိုက်မြင့်တက်လာနိုင်ကြောင်း တရုတ်အစိုးရအာဘော် Global Times မှာ ဖော်ပြပါတယ်။