အခုအချိန်လောက်ဆို မြန်မာပြည်သူတွေကို ခြိမ်းခြောက်ငေါက်ငမ်းရာမှာ တာဝန်ကျေပွန်နေတဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတယောက် တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရပြီးပြီလို့လည်း ထင်ရတယ်။
အရင့် အရင် တရုတ်ကို စစ်ကောင်စီ လက်ညှိုးငေါက်ငေါက်ထိုးနေတဲ့ကာလတွေတုန်းက တရုတ်အထူးကိုယ်စားလှယ်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို စစ်ကောင်စီ ငြင်းနိုင်ပေမဲ့ အကြမ်းဖက်လူသတ် စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ် ၁၄ ရက် နေပြည်တော်ခရီးစဉ်မှာ အတိအလင်းပြောကြားပြီးနောက် ဒေါအောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုနိုင်မယ်လို့ ထင်ရတယ်။
တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အောင်မြင်ရေး ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို အသုံးချနိုင်မလဲဆိုတာ စူးစမ်းချင်ကြောင်းအကြောင်းပြနိုင်တယ်။ အဲဒီအကြောင်းပြချက်အပေါ် စစ်ကောင်စီဘက်က ငြင်းဆန်ဖို့ခက်လိမ့်မယ်။ ဘာလို့ဆိုတော့ မင်းအောင်လှိုင်ကိုယ်တိုင်က တရုတ်ဆိုတဲ့နာမည် မသုံးရုံတမယ် တရုတ်ဆန့်ကျင်ရေးစကားတွေ တရားဝင်ပြောခဲ့ပြီး စစ်ကျွန်မျိုးချစ်တသိုက်ကလည်း တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲလုပ်ကာ အတိအလင်းစိန်ခေါ်ခဲ့တာတောင် တရုတ်က စစ်ကောင်စီကို ထောက်ခံပစ်လိုက်တယ်မဟုတ်လား။
ပြီးတော့ တရုတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့လည်း NLD အနေနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ မဝင်မှာ သေချာနေတာကြောင့်လည်း ပါမှာပေါ့။ ထပ်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဆီ မင်းအောင်လှိုင်သွားပြီး ရှိခိုးဦးချ ခြေသလုံးဖက် တောင်းပန်ခဲ့ရင်တောင် စစ်ကောင်စီ ရွေးကောက်ပွဲကို NLD ပါတီ ဝင်မှာမဟုတ်ကြောင်း နေပြည်တော်စစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသိနှင့်ပြီးဖြစ်တယ်။
တရုတ်ကရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာ့ကြောင့်တွေ့ချင်ရတာလဲ။ တရုတ်က နိုင်ငံကြီးတနိုင်ငံ ဖြစ်ခြင်းဆိုတဲ့ ဘဝင်၊ မြန်မာ့အရေး ကြားဝင်ညှိနှိုင်းပေးသလို NLD ပါတီ စစ်ကောင်စီ ရွေးကောက်ပွဲဝင်အောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖျောင်းဖျပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရော စစ်ကောင်စီကိုပါ နှစ်ဖက်မျက်နှာလုပ်လိုမှုတို့ကြောင့်ဖြစ်တယ်။ ပြောရရင် စစ်ကောင်စီပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုတာ အာဏာသိမ်းစစ်ကောင်စီဘဝကနေ ရွေးကောက်ခံအစိုးရပုံစံမျိုး မျက်နှာဖုံးစွပ်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်ကြောင်း တရုတ်ကလည်း ကောင်းကောင်းသိတယ်။
အခု အောက်တိုဘာနောက်ဆုံးပတ်ထဲမှာတော့ NLD ပါတီ ပြန်လည်မှတ်ပုံတင်ရင် ခွင့်ပြုဖို့ စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထားတဲ့အကြောင်း BBC က ဖော်ပြတာတွေ့ရတယ်။ လာမယ့် နိုဝင်ဘာ ၆ ရက်၊ တရုတ်နိုင်ငံရဲ့ ပြည်နယ်အဆင့်မြို့တော် ကူမင်းမှာ ခြေချခွင့်ရတော့မယ့် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မတိုင်မီ အဲဒီသတင်းထွက်ပေါ်လာတာကြောင့် တရုတ်နဲ့ အချိတ်အဆက်၊ အဆက်အစပ်ရှိတဲ့ သတင်းတရပ်လို့ အကဲခတ်တချို့က ရှုမြင်ကြတယ်။
တရုတ်မသွားမီ တရုတ်အလိုကျစေရေးအတွက် NLD ပါတီ ပြန်လည်မှတ်ပုံတင်ရင် ခွင့်ပြုဖို့ဆိုတာ ဖြစ်နိုင်ခြေရှိတဲ့ သတင်းတရပ်ဖြစ်သလို မင်းအောင်လှိုင် အယောင်ပြ ကစားလိုက်တာလို့ဆိုရင်လည်း မမှားပါဘူး။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ လက်စဖျောက်ရေးဟာ မင်းအောင်လှိုင်ရဲ့ မဟာရည်မှန်းချက် ဖြစ်တာကြောင့်ပါပဲ။ ဒါ့ကြောင့် NLD ပါတီ ပြန်လည်မှတ်ပုံတင်ရင် ခွင့်ပြုဖို့ဆိုတာ တရုတ် အမြင်ကောင်းရုံလောက် စကားအဖြစ် ပြောတာထက် မပိုပါဘူး။ ပြောရရင် မင်းအောင်လှိုင် ကူမင်းရောက်ပြီး တရုတ်အကြီးအကဲနဲ့ တွေ့တဲ့အချိန်မှာ “ကျနော်တို့က တိုင်းပြည်နဲ့ပြည်သူ မျက်နှာရှေးရှုပြီး NLD ပါတီကို ဖိတ်ခေါ်ပေမဲ့ အဆိုးမြင်ဝါဒီ NLD က လိုက်မလုပ်ဘူး” ဆိုတာမျိုး သံခင်းတမန်ခင်းစကားပြောကောင်းရုံထက် မပိုပါဘူး။
စစ်ကောင်စီအနေနဲ့ ပြည်သူ့ပါတီလို အာဏာသိမ်းတာကို အာဏာသိမ်းတယ်လို့ မမြင်ဘဲ မင်းအောင်လှိုင် အလိုကျ ဒူးထောက်ကာ စစ်အုပ်စု ပစ်ကျွေးမယ့် အရိုးအရင်းအာဏာလောက် ကိုက်ရဲတဲ့ ပါတီတွေကလွဲ တခြားဘယ်ပါတီကိုမှ အလိုမရှိပါဘူး။ NLD ပါတီကနေ ထုတ်ပယ်ခံထားရပြီးဖြစ်တဲ့ စန္ဒာမင်းတို့လို ဒူးထောက်ဂိုဏ်းက NLD ပါတီယောင်ယောင် ပါတီမှတ်ပုံတင်မယ်ဆိုရင်တော့ နိုင်ငံတကာအသိုက်အဝန်းကြားကို NLD ပါတီလိုလို ထုတ်ရှိုးလို့ကောင်းအောင် လက်ခံလိုက်နိုင်ပေမဲ့ အချိန်တန်ရင်တော့ သိန်းညွန့်တို့ ခင်မောင်ဆွေတို့ လို နေပြည်တော်က ချောင်တစ်ချောင်မှာ လွှင့်ပစ်ခံရမှာပါပဲ။
တရုတ်ကရော NLD ပါတီအပေါ် တကယ်အလိုရှိနေပါသလား။ NLD ပါတီသာ စစ်ကောင်စီရွေးကောက်ပွဲဝင်ခဲ့ရင် အရှိန်အဟုန်ကြီးနေတဲ့ နွေဦးတော်လှန်ရေးကို ထိုးခွဲပြီးသားဖြစ်သလို နိုင်ငံတကာအသိုက်အဝန်းကြား စစ်ကောင်စီရွေးကောက်ပွဲဆိုတာလည်း လူရာဝင်လာနိုင်တာကြောင့် တရုတ်က NLD ပါတီအပေါ် သိပ်အလိုရှိတာအမှန်ပါပဲ။ ဒါပေမဲ့ တရုတ်ရဲ့ အလိုရှိမှုက စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး တရားဝင်ခေါင်းပေါင်းစွပ်နိုင်အောင်၊ ဒီမိုကရေစီအနံ့ ဖြန်းထားတဲ့ စစ်အာဏာရှင်စနစ် မြန်မာနိုင်ငံမှာ အဓွန့်ရှည်စေရေးအတွက် NLD ပါတီ အလုပ်အကျွေးပြုပေးဖို့ပါပဲ။ ထပ်ပြောရရင် မြန်မာမှာ စစ်အာဏာရှင်စနစ် ချွန်မြလာစေရေးအတွက် NLD ပါတီအနေနဲ့ ရေလောင်းပေါင်းသင်ကာ ပါရမီဖြည့်ပေးဖို့သာ တရုတ်က အလိုရှိခြင်းဖြစ်တယ်။
တရုတ်ရဲ့ အဲဒီလိုဘကို NLD ပါတီက ဖြည့်ဆည်းပေးစရာအကြောင်း မရှိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်က စစ်ကောင်စီရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပုံအောနေတာတွေ့ရပါတယ်။ တချိန် စစ်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးထောက်ခံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပြုခဲ့တဲ့ တရုတ်ဟာ အခုအခါ အာဆီယံတောင် မထောက်ခံတဲ့ စစ်ကောင်စီ အသက်ဆက်နိုင်ရေးအတွက် အရင့်အရင်ထက်ပိုပြီး ပုံအောထောက်ခံလာတာတွေ့ရတယ်။
လတ်တလော တရုတ်ရဲ့ နင်လားငါလား ပုံအောနေမှုက တရုတ်နယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေကို လမ်းဘေး လူမိုက်အထာနဲ့ရော ဖြတ် ၅ ဖြတ်နဲ့ပါ စစ်ဆင်ရေးတွေရပ်ဖို့ အကျပ်ကိုင်နေမှုပဲဖြစ်တယ်။ တရုတ်ဟာ ကုန်ပစ္စည်း အဝင်အထွက် နယ်စပ်ဂိတ်တွေအကုန်လုံးကို ပိတ်ပစ်ကာ တရုတ်လူသုံးကုန်တွေကို မှီခိုနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်ချုပ်မှုနယ်မြေတွေတင်မက မြန်မာပြည်သူတရပ်လုံးပါ အကျပ်ရိုက်အောင် လုပ်ဆောင်လာတယ်။ ပြောရရင် တရုတ်က စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေကို စီးပွားရေးပိတ်ဆို့ခြင်းနဲ့ ဒဏ်ခတ်နေခြင်းလည်းဖြစ်တယ်။
တရုတ်ရဲ့ ပြင်းထန်တဲ့ဖိအားတွေကြောင့် ကိုးကန့်တပ် MNDAA ဟာ စစ်ဆင်ရေးတွေရပ်၊ နွေဦးတော်လှန်ရေးနဲ့ မပတ်သက်ပါဘူးဆိုတာမျိုး ထုတ်ပြန်ခဲ့ရပေမဲ့ ရောက်တဲ့နေရာကနေ လုံးဝနောက်ပြန်မဆုတ်တာ တွေ့ရတယ်။ MNDAA လားရှိုးကနေ ပြန်ဆုတ်ဖို့ တရုတ်က ဖြတ် ၅ ဖြတ်တင်မက ကိုးကန့်ဒေသရဲ့အနာဂတ်ကိုပါ ခြိမ်းခြောက်နေပြီး စစ်ကောင်စီကလည်း နေ့စဉ်နီးပါး လားရှိုးပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ခြင်းနည်းနဲ့ ဖိအားပေးနေပေမဲ့ ကြံ့ကြံ့ခံရပ်တည်နေတာ တွေ့ရတယ်။
ညီနောင် ၃ ဖွဲ့ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နောင်ချိုမြို့နယ်ထဲမှာ အပြင်းအထန်တိုက်ပွဲဝင်နေပေမဲ့ သံပြိုင်သီချင်းမဆိုနိုင်တဲ့ MNDAA ကြောင့် ရှမ်းမြောက်ရဲ့စစ်ရေးအရှိန် အတန်အသင့် လျော့ကျသွားတာ သေချာတယ်။ ရှမ်းမြောက်မှာ တိုက်ပွဲဝင်နေတဲ့ PLAတပ် အညာပြန်လာတာ တွေ့ရသလို BPLA ကလည်း အညာ စစ်မျက်နှာ ဆင်းပြီလို့ ကြေညာလိုက်ခြင်းက ရှမ်းမြောက်မှာ တိုက်ပွဲခွင်တွေ လျော့ပါးပြီဖြစ်ကြောင်း သတင်းပေးပို့ချက်လို့ ဆိုနိုင်တယ်။
ညီနောင် ၃ ဖွဲ့ဝင် AA ကတော့ မင်းအောင်လှိုင် တရုတ်မသွားခင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းနိုင်အောင် အားထည့်နေတာ တွေ့ရပါတယ်။ AA ဟာ ရခိုင်တပြည်လုံးကို သိမ်းပြီးတဲ့နောက် ဆက်လက်ထိန်းချုပ်နိုင်ဖို့နဲ့ အုပ်ချုပ်ရေးယန္တရား အားကောင်းလာအောင် ဆက်ကြိုးစားမှာ သေချာတာကြောင့် AA ဖော်ကျွေးမယ့် အရူးဆေးကို မင်းအောင်လှိုင် စားရုံကလွဲလို့ အခြားမရှိပါဘူး။
တရုတ်က တိုက်ပွဲတွေရပ်ဖို့ လူတွေ့ဆွေးနွေးပြောကြားလာပေမဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်အာဏာရှင်တွေကို မြေမြှုပ်ပစ်နိုင်ဖို့ ပင်မအမြစ်ဖြတ်စစ်ဆင်ရေး ဆင်နွှဲနေတယ်လို့တောင် ဟစ်ကြွေးခဲ့တာဟာ မင်းအောင်လှိုင် ခွေးကတက်ပေါ်ကနေ နောက်တဆင့်လှမ်းလို့ရမှာ မဟုတ်ကြောင်း ကြေညာချက်လည်း ဖြစ်တယ်။ ပြီးတော့ မန္တလေးတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲတွေ လောလောဆယ်ငြိမ်သက်နေပေမဲ့ မန္တလေးမြို့ကို တော်လှန်ရေးတပ် တွေက ခြိမ်းခြောက်ထားနိုင်ဆဲ၊ ကချင်နဲ့နီးတဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ တော်လှန်ရေးတပ်တွေ အားကောင်းနေဆဲပဲဖြစ်တယ်။
လတ်တလော တော်လှန်ရေးထိုးစစ်တွေကို ခြုံကြည့်ရင် ရှမ်းမြောက်မှာ စစ်ဆင်ရေးအရှိန် လျော့ကျနေပေမဲ့ လားရှိုးကို စစ်တပ်လာတိုက်ရင် MNDAA ဘယ်လိုရင်ဆိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ပြောရရင် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် စစ်ရေးအရှိန်ကို သိသိသာသာ လျော့ကျအောင် တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေက လက်ရှိအချိန်ထိ မအောင်မြင်တာ တွေ့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ် ထောက်ခံချက်ရထားတဲ့ စစ်ကောင်စီကတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ် မြေကွက်ကွက်လေးမှာပဲ ရွေးကောက်ပွဲဖြစ်အောင် ပြုလုပ်နိုင်ခြေရှိတယ်။ စစ်ကောင်စီရွေးကောက်ပွဲကို တာဝတိံသာမှာ ပြုလုပ်ပြီး သိကြားမင်း ထောက်ခံဦးတော့၊ မြန်မာပြည်သူတွေရဲ့ တံတွေးခွက်မှာ ပက်လက်မျောမယ့် ရွေးကောက်ပွဲဟာ အောင်မြင်စရာ မရှိပါဘူး။ အဓိကကတော့ မြို့သိမ်း၊ စခန်းသိမ်းစစ်ဆင်ရေးတွေကို ရှေ့သို့ ဆက်ချီနိုင်ဖို့ပဲ။ အခု စစ်ရေးအရှိန်အတိုင်းသာ ဆက်ထိန်းနိုင်၊ ဆက်သွားနိုင်မယ်ဆိုရင် ရွေးကောက်ပွဲဆိုတာ အလိုလိုပွဲပြီးသွားမှာပါပဲ။
အခု တရုတ်က မင်းအောင်လှိုင်ကို တရားဝင်မှုပေးပြီဆိုပေမဲ့ ပြည်နယ်မြို့တော် ကူမင်းမှာ အစည်း အဝေးတက်ခွင့်ပြုတဲ့အဆင့်ပါပဲ။ နောက်တဆင့် မင်းအောင်လှိုင်ကို ဘေဂျင်းမှာ ကော်ဇောနီခင်းပြီး ကြိုဆိုမလားဆိုတာ တော်လှန်ရေးတပ်တွေကို စစ်ကောင်စီ ဘယ်လောက်ထိ အနိုင်ယူပြမလဲဆိုတာနဲ့ပဲ ဆိုင်တယ်။
စစ်ကောင်စီဘက်ကနေ ဝင်မတိုက်ပေးရုံတမယ် ရပ်တည်ပေးနေတာတောင် မြို့တွေ၊ စခန်းတွေ ဆက်အသိမ်းခံနေရဦးမယ်ဆိုရင်တော့ ကျင့်ဝတ်သိက္ခာမရှိတဲ့ တရုတ်ကလည်း ပြောင်ပြောင်ပဲ စစ်ကောင်စီ ကို ထောက်ခံမှုပေးတာရပ်ကာ ခြံစည်းရိုးပေါ် ပြန်ခွတက်ဦးမှာပါပဲ။
ထွန်းလင်း