အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်မယ်လို့ စစ်ကောင်စီပြန်ကြားရေးက နိုဝင်ဘာ ၄ ရက် ဒီကနေ့ အတည်ပြုထုတ်ပြန် ပါတယ်။
စစ်ခေါင်းဆောင်ကို အာဆီယံနိုင်ငံတွေကရော ကုလသမဂ္ဂကပါ မြန်မာနိုင်ငံရဲ့ အစိုးရ ကိုယ်စားပြုသူအဖြစ် သတ်မှတ်ရေး အတည်မပြုသေးချိန်မှာ တရုတ်အစိုးရကတော့ ဒေသတွင်း အစည်းအဝေးတွေတက်ရောက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ထားတာပါ။
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမယ့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ တရုတ်အစိုးရက စစ်ခေါင်းဆောင်ကို ဖိတ်ကြားထားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟာ တရုတ်အစိုးရအဖွဲ့က သူတွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူကြား ချစ်ကြည်ရေး စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာအောင် ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံက အာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ်အသိမှတ်ပြုလိုက်ရာ ရောက်တယ်လို့ ဖက်ဒရယ်အရေးလေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။
အာဏာသိမ်းနောက်ပိုင်းကစပြီး မြန်မာနိုင်ငံအပေါ်မှာထားတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒတွေဟာ အေးစက်စက်နိုင်ပေမဲ့ ၁၀၂၇ စစ်ရေးစပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်မှုရှိလာတဲ့နောက်ပိုင်းမှာ သိသိသာသာပြောင်းလဲသွားခဲ့ပြီး စစ်တပ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ပိုတည်ဆောက်လာတာ တွေ့ရတယ်လို့ တရုတ်မြန်မာရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အခုအာဏာသိမ်းစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံမှာ ကျင်းပမယ့်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဖိတ်ခေါ်တာဟာ မြန်မာနိုင်ငံရဲ့ အစိုးရကိုယ်စားပြုသူအနေနဲ့ ဖိတ်ခေါ်တာလားဆိုတာ သေချာမသိရသေးတာကြောင့် စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့အစိုးရ အဖြစ်အသိအမှတ်ပြု လိုက်တာလဲဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ တရုတ်မြန်မာအရေးလေ့လာသူ တရုတ်နိုင်ငံရှင်ကျင်းတက္ကသိုလ် တွဲဖက်သုတေသန ပါမောက္ခလည်း ဒေါက်တာမျိုးနိုင် ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အခုလို အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်တာဟာ တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူတွေရဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်နိုင်တာကြောင့် အဲဒီကိစ္စအပေါ်ပြန်သုံးသပ်ဖို့ သတိပေးထားပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တရုတ်ပြည်သွားမယ့်ခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးတဲ့နောက်ပိုင်း ပထမဆုံး တရုတ်ပြည်ခရီးစဉ်ဖြစ်ပါတယ်။ စစ်တပ်ကို ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားနိုင်ငံ ပြီးရင်တော့ တရုတ်နိုင်ငံဟာ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။
အောင်သူ