Home
နိုင်ငံတကာ
ကျူးဟိုင်လေကြောင်းပြပွဲအတွက် တရုတ်စစ်လေယာဉ် အမျိုးအစား အစုံ ရောက်ရှိ
DVB
·
November 4, 2024
Photo : CCTV

နိုဝင်ဘာ ၁၂ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ၁၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနဲ့ အာကာသပြပွဲ (ကျူးဟိုင် လေကြောင်းပြပွဲ) အတွက် တရုတ်နိုင်ငံတောင်ပိုင်း ကျူးဟိုင်မြို့ဆီ တရုတ်လေတပ်က တိုက်လေယာဉ်တွေ အများအပြား ဆက်တိုက် ရောက်လာနေပါတယ်။

ရောက်လာတဲ့ လေယာဉ်တွေထဲမှာ အသံထက်မြန်တဲ့၊ ဘက်စုံသုံး တိုက်လေယာဉ် J-10C၊ ပြည်တွင်းမှာ တီထွင်ထားပြီး အမြင့်နဲ့ တာဝေးထိ ပျံသန်းနိုင်တဲ့ WZ-7 နဲ့ WZ-10 ကင်းထောက်ဒရုန်းတွေနဲ့ အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ် Y-20 နဲ့ Y-9 တို့ ပါပါတယ်။

JL-10 လေ့ကျင့်ရေးလေယာဉ် ၂ စင်းဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကျူးဟိုင် ကျင်းဝမ် လေဆိပ်ဆီ ရောက်လာခဲ့ပါတယ်။

လေယာဉ်တစီးက ပြပွဲမှာ အငြိမ်ပြသထားမှာဖြစ်ပြီး နောက်တစီးကတော့ အခမ်းအနားမှာ ဝေဟင်စွန့်စားခန်းတွေ အစွမ်းပြမှာပါ။

အင်ဂျင် ၂ လုံးတပ်၊ ထိုင်ခုံ ၂ လုံးတပ် ဘက်စုံသုံး တိုက်လေယာဉ် J-16၊ တရုတ်နိုင်ငံက ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ တာလတ်နဲ့ တာဝေး ပျံသန်းနိုင်တဲ့ ဗုံးကြဲလေယာဉ် H-6K နဲ့ တခြား လေယာဉ်အမျိုးအစားတွေလည်း နောက်ပိုင်းမှာ ထပ်ရောက်လာဖို့ ရှိပါတယ်။

ဒီလေကြောင်းပြပွဲဟာ နိုင်ငံနဲ့ ဒေသပေါင်း ၄၇ ခုက ကုမ္ပဏီပေါင်း ၁,၀၂၂ ခုကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ရုရှား၊ ပြင်သစ်၊ အမေရိကန်၊ ဆော်ဒီအာရေဗျနဲ့ အီတလီတို့ကလည်း အုပ်စုတွေအလိုက် ၂ နှစ်တခါ ကျင်းပတဲ့ အာကာသ ကုန်စည်ပြပွဲမှာ ပါဝင်ဆင်နွှဲမယ်လို့ CCTV သတင်းဌာနက သတင်းထုတ်ပါတယ်။

ပို့ကုန်အသားပေး နိုင်ငံတကာပွဲတခုအနေနဲ့  ကျူးဟိုင်လေကြောင်းပြပွဲဟာ တရုတ်နိုင်ငံရဲ့ စစ်လေယာဉ်တွေ အထူးသဖြင့် နောက်ဆုံးပေါ် မော်ဒယ်တွေကို အနီးကပ်ကြည့်ဖို့  ရှားရှားပါးပါး နေရာတခုဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013