ဆယ်စုနှစ်ပေါင်းများစွာကြာအထိ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက တရားဥပဒေစိုးမိုးမှု ကင်းမဲ့ရာ နယ်စပ်ဧရိယာတွေမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဩဇာလွှမ်းမိုးမှုကို ထိန်းထားနိုင်ဖို့ ကြိုးပမ်းခဲ့သလို တဖက်မှာလည်း စစ်ခေါင်းဆောင်တွေကို ကူညီထောက်ပံ့ပေးနေခဲ့ပါတယ်။
ဒါပေမဲ့လည်း လှေနံနှစ်ဖက် ခွနင်းထားတဲ့ တရုတ်ရဲ့ လုပ်ရပ်ဟာ ဆက်ပြီး မရပ်တည်နိုင်လောက်အောင် ခက်ခဲလာတယ်ဆိုတာ မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဖြစ်ရပ်က ညွှန်ပြနေပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးဟာ လက်ပစ်ဗုံးလို့ ယူဆရတဲ့ ဖောက်ခွဲရေးပစ္စည်းနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်၊ ညနေပိုင်းက ဖောက်ခွဲတိုက်ခိုက် ခံခဲ့ရပြီးနောက် ဒီတိုက်ခိုက်မှုကို စုံစမ်းဖော်ထုတ်ပြီး ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားဖို့ တရုတ်က အာဏာသိမ်းခေါင်းဆောင်ကို တောင်းဆိုခဲ့ပါတယ်။
တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်တဲ့ နောက်ကွယ်က လက်သည်တရားခံဟာ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဒီတိုက်ခိုက်မှုလုပ်ရပ်ကို ပြစ်တင်ရှုတ်ချတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီတို့ကလည်း ထုတ်ပြန်ချက်တွေ မဆိုင်းမတွ ထုတ်ပြန်ခဲ့ကြပါတယ်။
အမှန်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် အစိုးရရဲ့ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့တွေဘက်မှာရော စစ်ကောင်စီဘက်မှာပါ အမျက်ဒေါသ ထွက်စရာတွေ ရှိနေခဲ့တာပါ။ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား အသုံးချနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ သုတ်သင်ရှင်းလင်းရေး ဆောင်ရွက်ရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တရုတ်က ကျောထောက်နောက်ခံပေးခဲ့တာနဲ့ ပတ်သက်လို့ ၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး ပြည်တွင်းစစ်မီးကို အသစ်တဖန် အစပျိုးပေးခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဘေဂျင်းအပေါ် မကျေမနပ် ဖြစ်ခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ အဲဒီ ထိုးစစ်ဆင်တိုက်ခိုက်မှု အောင်မြင်မှုဟာ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စု ပြိုလဲနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြန်မာနိုင်ငံကို ထိန်းချုပ်လာနိုင်တယ် ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို မြင့်တက်စေခဲ့ပါတယ်။
အဲဒီလိုအနေအထား အရောက်မှာပဲ တရုတ်နိုင်ငံဟာ ပြိုလဲလုနီးပါးဖြစ်နေတဲ့ စစ်ကောင်စီကို ထောက်ကန်ပေးရင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေလွှမ်းမိုးလာနိုင်မှုကို ထပ်နယ်မချဲ့ဖို့ ပိုမိုဖိအားပေးမှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။
နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ရစ်ချတ်ဟိုဆေးက“တရုတ်အနေနဲ့ စစ်ကောင်စီကို စိတ်တိုင်းကျလှတယ် မဟုတ်ပေမဲ့ စစ်ကောင်စီမှာ အာဏာမရှိတော့ဘူးဆိုရင် နောက်ဘာဆက်ဖြစ်မယ်ဆိုတာ တပ်အပ်မပြောနိုင်တဲ့ အတွက် စစ်ကောင်စီ ပြိုလဲသွားမယ့် အဖြစ်မျိုးကိုလည်း တရုတ်က လုံးဝ မလိုလားပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးလာခဲ့မယ်ဆိုရင် သူ့ရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်လာမှာကို တရုတ်က စိုးရိမ်နေတာပါ။ နောက်ပြီး အပိုင်ကြိုတွက်လို့မရတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာကိုလည်း တရုတ်က မလိုလားဘူး” လို့ ပြောပါတယ်။
နိုင်ငံမြောက်ပိုင်းတိုက်ပွဲတွေမှာ ရှုံးနိမ့်မှုများစွာနဲ့အတူ နိုင်ငံတဝန်း ၈၆ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ စစ်ကောင်စီဟာ အရှုံးပေါ် အရှုံးဆင့် ဆိုသလို နိုင်ငံရဲ့ အနောက်ဘက်အစွန်းမှာရှိတဲ့ ရခိုင်ပြည်နယ်ကိုလည်း လက်လွှတ်ရလုနီးပါး အခြေအနေမှာ ရှိနေပြီး စစ်ဗိုလ်ချုပ်တွေအနေနဲ့ အာဏာကို ဘယ်လောက်ကြာကြာ ဆုပ်ကိုင်ထားနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေလည်း မြင့်တက်လာနေပါတယ်။
ဩဂုတ်လအစောပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့ကို လက်လွှတ် ဆုံးရှုံးလိုက်ရမှုဟာ မင်းအောင်လှိုင်ရဲ့ စစ်တပ်အတွက် အထိနာဆုံး စစ်ရှုံးမှုတွေထဲက တခုဖြစ်ပြီး မန္တလေးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခြေရှိတဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် လမ်းပွင့်သွားစေခဲ့ပါတယ်။
“မန္တလေးနဲ့ နေပြည်တော် ဆိုတာကလည်း အဝေးပြေးလမ်းမကြီးနဲ့ ချိတ်ဆက်နေတဲ့အတွက် တကယ်လို့ မန္တလေးထိုးစစ်သာ အောင်မြင်ခဲ့မယ်ဆိုရင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိတယ်” လို့ လန်ဒန်အခြေစိုက် မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာအင်စတီကျု (IISS) က အခုလထဲမှာ သုံးသပ် ပြောကြားထားပါတယ်။
ဒါ့အပြင် မကြာသေးခင်က လားရှိုးမြို့ကို လက်လွှတ်လိုက်ရမှုဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်အတွက် ခုခံနိုင်စွမ်း အားအနည်းဆုံး အနေအထားကို ရောက်ရှိသွားစေခဲ့တယ်လို့လည်း IISS က သုံးသပ်ထားပါတယ်။
မန္တလေးမြို့မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်သလား ဆိုတာနဲ့ အဲဒီတိုက်ပွဲတွေမှာ ဘယ်အဖွဲ့တွေ ပါဝင်နိုင်သလဲ ဆိုတာကတော့ မသိနိုင်သေးပါဘူး။ ဒါပေမဲ့လည်း လေ့လာသုံးသပ်သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာမကြာ ထွက်ပေါ်လာတဲ့ အောင်ပွဲရသတင်းတွေကို အခြေခံပြီး အကဲဖြတ် သုံးသပ်ထားတာ ဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတချို့ကို အပြီးတိုင် ချေမှုန်းကာ တော်လှန်ရေးမှာ ကြီးမားတဲ့ အပြောင်းအလဲကို ဆောင်ကြဉ်းပေးခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်ကစလို့ တရုတ်နိုင်ငံသားတွေထံကနေ ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုပ်သွေးစုပ် အမြတ်ထုတ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဆိုက်ဘာ ရာဇဝတ်မှု လုပ်ငန်းတွေကိုလည်း အမြစ်ဖြတ် ရှင်းလင်းနိုင်ဖို့ ညီနောင်မဟာမိတ်အဖွဲ့က ကြိုးပမ်းခဲ့ပါတယ်။ နောက်ပြီး တရုတ်အာဏာပိုင်တွေနဲ့ လက်တွဲပြီး သံသယရှိသူ ထောင်ပေါင်းများစွာကိုလည်း တရုတ်အစိုးရထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အဲဒီနောက် သိပ်မကြာခင်မှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ထောက်ပံ့ပေးနေတဲ့ တရုတ်ရဲ့ လုပ်ဆောင်ချက်ကို မကျေနပ်ကြတဲ့ စစ်တပ်ထောက်ခံသူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သူ့ကို တွန်းလှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြည်ပနိုင်ငံတွေက စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ အခြားရိက္ခာပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်လို့ သူ့ရဲ့မိန့်ခွန်းထဲမှာ တရုတ်နိုင်ငံကို မကျေမချမ်းနဲ့ စောင်းမြောင်း အပြစ်ဖို့ ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံရယ်လို့ နာမည်တပ် မပြောပေမဲ့လည်း သူ့ရဲ့ ပြောဆိုချက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ဖို့ တချိန်လုံး အသံကောင်းဟစ်နေတဲ့ တရုတ်နိုင်ငံကို ရည်ညွှန်း ပြောဆိုတယ်ဆိုတာ ပေါ်လွင် ထင်ရှားနေပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောင်ပွဲတွေအလီလီ ရရှိပြီး စစ်ရေးအရှိန်အဟုန် မြင့်တက်လာချိန်မှာပဲ စစ်ကောင်စီနဲ့ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲသွားဖို့ တရုတ်က ဇန်နဝါရီလမှာ ကြားဝင် စေ့စပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ လပိုင်းအကြာမှာပဲ ကျိုးပျက်သွားခဲ့ပါတယ်။
အဲဒီနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်တပ်စခန်းတွေအထိ စီးနင်းတိုက်ခိုက်မှုတွေ စတင်ချိန်မှာတော့ တရုတ်ဟာ စီးပွားရေးနဲ့ အကျပ်ကိုင်မှုတွေ လုပ်ဆောင်လာပြီး သူတို့ရဲ့ထိုးစစ်ကို ရပ်တန့်သွားဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ စတင်လုပ်ဆောင်လာခဲ့တယ်လို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
တိုက်ခိုက်နေတာတွေ ရပ်ဖို့နဲ့ ထိုးစစ်ဆင်တာတွေ ဆက်မလုပ်ဖို့ တရုတ်အစိုးရက သူတို့ကို ဖိအားပေးခဲ့တယ်လို့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Bloomberg News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူတို့ ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာ တရုတ်က ခရီးသွားလာခွင့် တားမြစ်ကန့်သတ်ချက် ချမှတ်ခဲ့ပြီး ဆေးဝါးပစ္စည်းတွေ အပါအဝင် နယ်စပ်ကုန်သွယ်ရေးကိုလည်း ပိတ်ဆို့ ကန့်သတ်ခဲ့တယ်လို့လည်း လွေးယေဦးက ပြောပါတယ်။
ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးက တရုတ်အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြောဆိုခဲ့တာ ရှိလားလို့ မေးမြန်းခဲ့ရာမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လီကျန်းက မတင်မကျနဲ့သာ ချေပသွားခဲ့ပြီး သမ္မတရှီ အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို မြှင့်တင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့သာ ဝေ့ဝိုက် ပြောဆိုသွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံး အိမ်နီးချင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုတက်မှု ရရှိဖို့သာ အမြဲမျှော်လင့်ပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အဆုံးသတ်နိုင်အောင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ လီကျန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ စစ်ရေးတင်းမာမှု ပြေလျော့စေရေးကို တိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မကြာသေးခင် လပိုင်းအတွင်းမှာတော့ တရုတ်ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပေါ်ပေါ်ထင်ထင် တိုးမြင့် လုပ်ဆောင်လာခဲ့ပါတယ်။ တရုတ်ရဲ့ ထိပ်တန်းသံတမန်ဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဩဂုတ်လမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံကြား ကာလကြာရှိခဲ့တဲ့ ပေါက်ဖော်ဆက်ဆံရေးကို အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း နိုဝင်ဘာလထဲမှာ တရုတ်နိုင်ငံကို သွားရောက်မယ့်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်လာဖို့လည်း ရှိနေတာပါ။
မြန်မာ့အရေးမှာ တရုတ်ရဲ့ သံတမန်ရေးဆိုင်ရာ ချဉ်းကပ်မှုဟာ စစ်ကောင်စီအပေါ်ကိုပဲ အလုံးစုံ ဗဟိုပြုလိုက်ပြီဆိုတာ ဘေဂျင်းမှာ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရမယ့် စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်က ပိုမို သိသာထင်ရှားလာစေမှာ ဖြစ်တယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းအကြံပေး ရစ်ချတ်ဟိုဆေးက ပြောပါတယ်။
ဟိုဆေးရဲ့ သုံးသပ်ချက်အရဆိုရင် တရုတ်ဟာ စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားနေပြီး တကယ်လို့သာ စစ်ခေါင်းဆောင်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့်ရခဲ့မယ်ဆိုရင် များစွာ အရေးပါ အရာရောက်တဲ့ အရွေ့တခု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ နောက်ပြီး ဒါဟာ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြု လက်ခံတယ်ဆိုတဲ့ တရုတ်ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို ပြသရာရောက်တဲ့ တွေ့ဆုံမှုတခုလည်း ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။
ရာစုသစ်
Ref: BangkokPost/ Bloomberg
(ဘန်ကောက်ပို့စ်သတင်းစာပါ “China's Xi faces dilemma as consulate blast sparks fear of Myanmar chaos” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)