မန္တလေးမြို့မှာ တရုတ်မယားအဖြစ် စည်းရုံးပြီး လူကုန်ကူးနေတဲ့ တရုတ်နိုင်ငံသား ၃ ယောက်နဲ့ မြန်မာနိုင်ငံသား ၃ ယောက်တို့ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၄ ရက်က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ကို MAI လေကြောင်းလိုင်းနဲ့ ထွက်ခွာမယ့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နဲ့ အမျိုးသမီးငယ် ၃ ယောက်တို့ကို မသင်္ကာလို့ ခေါ်ယူစစ်ဆေးရာက ဆက်စပ်ပြီး ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ဒီအမျိုးသမီးငယ် ၃ ယောက်ဟာ တရုတ်နိုင်ငံကို တရုတ်မယားအဖြစ် စည်းရုံးခံရပြီး နောက်ထပ် လူကုန်ကူးခံရမယ့် အမျိုးသမီး ၁၁ ယောက်လည်း ရှိသေးကြောင်း၊ သူတို့ကို မန္တလေးမှာ စုစည်းထိန်းချုပ်ထားတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလူကုန်ကူးတဲ့ ဂိုဏ်းတွေဟာ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ TikTok ကတဆင့် ဆက်သွယ်စည်းရုံးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
တရုတ် လူကုန်ကူးဂိုဏ်းမှ ဖမ်းဆီးရမိခဲ့သူ ၆ ယောက်အပြင် ထွက်ပြေးတိမ်းရှောင်နေသူ ၂ ယောက်တို့ကိုလည်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မတွေနဲ့ တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်းနဲ့ ပြည်ကြီးတံခွန်းမြို့မ ရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။