အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ကြဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ လုံခြုံရေးအခြေအနေကြောင့် ပါတီရုံးခန်းကို ပေါ်ပေါ်ထင်ထင် မဖွင့်ရဲသလို ပါတီဆိုင်းဘုတ်တွေကိုလည်း လူထုမြင်သာအောင် ချိတ်ဆွဲဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ပြောပါတယ်။
ငွေကြေးအင်အားမတတ်နိုင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ထားတဲ့ ပါတီရုံးခန်း အရေအတွက်ပြည့်အောင် ဖွင့်နိုင်ဖို့အတွက် ပါတီဝင်တွေထဲကပဲ ကိုယ့်အိမ်မှာ ပါတီရုံးခန်း ပြန်ဖွင့်တာအပြင် အခန်းငှားပြီး ပါတီရုံးခန်း ဖွင့်နိုင်အောင် ကြိုးစားကြပေမဲ့ လုံခြုံရေးအာမခံချက် မပေးနိုင်တာကြောင့် ပါတီရုံးခန်းဖွင့်ဖို့ အခက်အခဲ ဖြစ်နေကြတာလို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။
အခုလိုအခက်ခဲဖြစ်နေတာဟာ တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေမှာသာ အဓိက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေမှာတော့ အခက်အခဲ ရှိမနေဘူးလို့ တိုင်းဒေသကြီးအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီဆိုင်းဘုတ်တွေကို အပြင်မှာ ထောင်ထားရမယ်လို့ သတ်မှတ်ထားပေမဲ့ အဲဒီလိုပြုလုပ်လိုက်တဲ့ အိမ်ဟာ လုံခြုံရေးအရ စိုးရိမ်ရတဲ့အိမ် ဖြစ်သွားတာကြောင့် လက်ရှိမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီဆိုင်းဘုတ်တွေကို အိမ်ထဲမှာပဲထားဖို့ ခွင့်ပြုပေးထားတယ်လို့ တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၅၀ ရှိပြီး အဲဒီအထဲက ပါတီ ၉ ပါတီကသာ တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဖြစ်ကာ ကျန်ပါတီအားလုံး တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာသာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အောင်သူ