Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်က အမှိုက်သိမ်းကားမောင်းပြီး မဲဆွယ်
DVB
·
October 31, 2024
Photo-Reuters

သမ္မတဂျိုးဘိုင်ဒင်က ထရမ့်ပ် ထောက်ခံသူတွေကို အမှိုက်သရိုက်လို့ ပြောဆိုတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က အမှိုက်သိမ်းကား မောင်းပြီး မဲဆွယ်ခဲ့ပါတယ်။

သူ့နာမည်ထိုးထားတဲ့ ဘိုးအင်း 757 လေယာဉ်ပေါ်ကနေ ဆင်းလာတဲ့ ထရမ့်ပ်ဟာ သူ့နာမည်ထိုးပြီး အလံတွေထောင်ထားတဲ့ အမှိုက်ကားခေါင်းခန်းထဲ တက်သွားပါတယ်။

တချိန်က reality tv show ရုပ်သံအစီအစဉ်တွေနဲ့ နာမည်ကြီးတဲ့ ထရမ့်ပ်ဟာ ဘိုင်ဒင်ရဲ့ စကားကို အကျအနကောက်ပြီး လူစိတ်ဝင်စားအောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လိမ္မော်နဲ့ အဝါ ရောင်ပြန်ဘေးကင်းရေးစွပ်ကျယ် (safety vest) ကို အပေါ်ကထပ်ဝတ်ထားတဲ့ ထရမ့်ပ်က “ကျုပ်ရဲ့ အမှိုက်သိမ်းကားကို ကြိုက်ကြလား၊ ဒါက ကမ်မလာနဲ့ ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုတာလေ” လို့ ထရမ့်ပ်က သရော်ခဲ့ပါတယ်။

ထရမ့်ပ်မဲဆွယ်ပွဲတခုမှာ ဟာသပညာရှင်တယောက်က ပွါတိုရီကိုကို “အမှိုက်ကျွန်းမျော” လို့ လှောင်ပြောင်ခဲ့ရာက စတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့စကားကြောင့် ထရမ့်ပ်အပေါ်ပါ ဆိုးကျိုးသက်ရောက်မှု ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေက သမ္မတဘိုင်ဒင်ရဲ့ အမြင်ကို မေးတဲ့အခါ ဘိုင်ဒင်က “ကျုပ်တွေ့တဲ့ မျောနေတဲ့ အမှိုက်ဆိုလို့ သူ့ထောက်ခံသူတွေပဲရှိတာလေ” လို့ ဝေဖန်ခဲ့ပါတယ်။

အဲဒီစကားကို အထအနကောက်ပြီး ဘိုင်ဒင်က ထရမ့်ပ်ထောက်ခံသူတွေကို အမှိုက်တွေလို့ ပြောပါတယ်ဆိုပြီး ထရမ့်ပ်ဘက်က ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်ဘက်က အားနည်းချက်ဖြစ်သွားတဲ့ အခြေအနေကို အများအာရုံစိုက်စရာ အားသာချက် အဖြစ် ပြောင်းလဲပြီး ဟိုဘက်ကွင်းထဲ ဘောလီဘော ပြန်ပုတ်ထည့်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။

ထရမ့်ပ်က သူ့ကိုထောက်ခံတဲ့ လူ သန်း ၂၅၀ ဟာ အမှိုက်တွေမဟုတ်ဘူးလို့ပါ တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ ဟာသပညာရှင်ရဲ့ စကားဟာ ထရမ့်ပ်ရဲ့သဘောထားကို ရောင်ပြန်မဟပ်ကြောင်း၊ ပွါတီရီကိုဒေသကို ချစ်မြတ်နိုးကြောင်းလည်း ထရမ့်ပ်က ဖြေရှင်းခဲ့ပါတယ်။ မိန့်ခွန်းပြောချိန်မှာပါ ရောင်ပြန်စွပ်ကျယ်ကို အပေါ်က ထပ်ဝတ်ထားခဲ့တာ တွေ့ရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013