Home
မြန်မာသတင်း
ICJ အနေနှင့် စစ်ကောင်စီကို အသိအမှတ်မပြုရန် ဦးကျော်မိုးထွန်းတောင်းဆို
DVB
·
November 2, 2024

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး အစီအစဉ်အမှတ် ၇၃ ‘အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ’ ခေါင်းစဉ်နဲ့ ဆွေးနွေးမှုအတွင်းမှာ  ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေး အဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့   စစ်ကောင်စီရဲ့ ကိုယ်စားပြုခွင့်ကို လက်မခံ၊ တရားဝင်မှုကိုလည်း အသိအမှတ်မပြုတဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်နဲ့ စနစ်တကျကိုက်ညီဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ်  စစ်အုပ်စုရဲ့ စနစ်တကျ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်စေဖို့အတွက် ထိရောက်ပြတ်သားတဲ့ အရေးယူဆောင်ရွက်တာတွေ အလျင်အမြန်လုပ်ဖို့ မလွဲမသွေ တာဝန်ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆုံးဖြတ်ချက်တွေကို အားနည်းပျော့ပျောင်းစေတာ၊ ဗီတို အာဏာအသုံးပြုမယ်လို့ ခြိမ်းခြောက်တာ ဒါမှမဟုတ် သံတမန်ရေးရာလှည့်ကွက်တွေကတဆင့် ရာဇဝတ်မှု ကျူးလွန်သူတွေကို အကာအကွယ်ပေးဖို့ ကြိုးပမ်းအားထုတ်တာတွေဟာ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့ အရပ်သားပြည်တွေကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စုပေါင်းတာဝန်ရှိမှုတို့အပေါ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်ပြားစေနိုင်တယ်လို့ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အနေနဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်တွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကျူးလွန်ထားသူတွေကို နေရာပေးတာက တရားရုံးကိုယ်တိုင် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ နိုင်ငံတကာတရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာ အခြေခံမူတွေအပေါ် ထိခိုက်ပျက်စီးစေလာနိုင်တဲ့ အန္တရာယ်ကို သုံးသပ်ဆင်ခြင်ဖို့ လိုအပ်နေတယ်လို့လည်း သံအမတ်ကြီးက ပြောဆိုသွားပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးတာနဲ့ အပြစ်ပေးခြင်းဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့တဲ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဆီကို တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်းနဲ့ အရင်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်တွေအားလုံးကို ရုပ်သိမ်းတယ်လို့ တရားဝင် ဆက်သွယ်အကြောင်းကြားခဲ့သလို တရားရုံးရဲ့စီရင်ဆုံးဖြတ်ချက်နဲ့အညီ လိုအပ်တဲ့အစီရင်ခံစာတွေကိုလည်း ပုံမှန် တင်သွင်းနေတယ်လို့ ဆိုပါတယ်။

‘အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ’ ခေါင်းစဉ်အောက်က အထွေထွေ ဆွေးနွေးတာတွေကို အောက်တိုဘာ ၂၄ ရက်၊ ၂၉ ရက်နဲ့ ၃၀ ရက်တို့က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၆၀ ကျော်က ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013