Home
မြန်မာသတင်း
စစ်ကောင်စီ ဖမ်းဆီးထောင်ချထားသည့် မန္တလေးတိုင်းဝန်ကြီး ကျန်းမာရေးအခြေအနေဆိုးဝါး
DVB
·
November 3, 2024

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ NLD အစိုးရလက်ထက် မန္တလေးတိုင်းရဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ဟာ မန္တလေးဆေးရုံကြီးမှာ နိုဝင်ဘာ ၁ ရက်ကစလို့ ဆေးကုသနေရတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ထောင် ၈ နှစ် ချခံထားရပြီး မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတဲ့ ဦးဇာနည်အောင်ဟာ ကင်ဆာရောဂါခံစားနေရတာကြောင့် နိုဝင်ဘာ ၁ ရက် မနက် ၁၀ နာရီမှာ စစ်တပ်က ဆေးရုံလာတင်တာလို့ ဆေးရုံနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“၁ ရက်နေ့မနက်ကတည်းက စစ်တပ်ရော အကျဉ်းဦးစီးကလူတွေရော ဦးဇာနည်အောင်ကို ဆေးလာကုတာ။ ထောင်ကိုပြန်ပို့လား၊ ဒီမှာပဲ ဆက်ပြီးကုနေလားတော့ မသိတော့ဘူး။ အဲဒီကိစ္စကို လူသိမခံဘူး” လို့ ပြောပါတယ်။

ဦးဇာနည်အောင်ဟာ ကင်ဆာရောဂါခံစားနေရပြီး အကျဉ်းထောင်ထဲမှာ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာတာကြောင့် မန္တလေးဆေးရုံကြီး ကင်ဆာဌာနမှာ ၂ ရက် ဆေးကုသခဲ့ပြီး အိုးဘိုအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“သူ့ကို မန္တလေးဆေးရုံမှာပြတာ ဒါနဲ့ ၂ ကြိမ်ရှိပြီ။ ဇူလိုင်လကလည်း တကြိမ်။ အသက် ၆၀ ကျော်ပြီနေပြီ။ ကင်ဆာလည်းဖြစ်နေတာဆိုတော့  ထောင်ထဲက ဆေးဝါးတွေနဲ့အဆင်မပြေဘူး။ မန္တလေးဆေးရုံကြီးမှာ ၁ ရက်နေ့မနက်က ပြတယ်။ အဲဒီညနေပဲ ထောင်ပြန်ပို့လိုက်တာ။ သူ့ကိုတော့ တပ်ဘက်က လွတ်ငြိမ်းချမ်းသာခွင့်မပေးဘူး” လို့ပြော ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးဇာနည်အောင်ကို ဖမ်းဆီးခဲ့ပြီး  သဘာဝဘေးစီမံ ဥပဒေပုဒ်မ ၃၀(က)/၂၅ နဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိပုဒ်မ ၅၅ အမှု ၂ မှုနဲ့ ထောင်ဒဏ် ၆ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ချထားတာပါ။

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း ကင်ဆာရောဂါကြောင့် ကျန်းမာရေးအခြေအနေဆိုးဝါးပြီး မန္တလေးဆေးရုံမှာ တက်ရောက် ကုသနေတုန်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးနောက် သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013