နိုင်ငံတကာမှာ စစ်ကောင်စီရဲ့တရားဝင်မှုကို ဖြတ်တောက်ရေးအပါအဝင် ဖြတ် ၃ ဖြတ် လုပ်ဆောင်ရေးအတွက် ပစ်မှတ်ထားဆောင်ရွက်နေတယ်လို့ ဝန်ကြီးဒေါက်တာဆာဆာက ပြောဆိုလိုက်ပါတယ်။
NUG နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့ နယူးယောက်မြန်မာမိသားစုတွေ့ဆုံပွဲကို နိုဝင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာနရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေနဲ့ အောင်မြင်မှု အခြေအနေတွေကို ဒေါက်တာဆာဆာက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ညီညွတ်ရေး၊ လူသားစာနာအကူအညီရရှိရေးတွေအပါအဝင် ပွဲတက်လာသူတွေရဲ့မေးခွန်းတွေကို ဒေါက်တာဆာဆာကပြန်လည်ဖြေကြားခဲ့တာတွေ့ရပြီး တော်လှန်ရေးကာလမှာ ညီညွတ်ရေးအတွက် စိုးရိမ်စရာတချို့ရှိနေပေမယ့် စစ်အာဏာရှင် တော်လှန်ရေး သမိုင်းတလျှောက်မှာ လက်ရှိအချိန်ဟာ ပြည်သူတွေအစည်းလုံးဆုံးအခြေအနေဖြစ်တယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။
လူသားစာနာအကူအညီတွေရရှိရေးနဲ့ပတ်သက်ပြီးတော့ အရင်က စစ်ကောင်စီကနေတဆင့် သွားနေတဲ့ အကူအညီတွေထဲက ဗြိတိန်အစိုးရဆီကရရှိနေတဲ့ လူသားစာနာအကူအညီတွေရဲ့ ၅၀ ရာခိုင်နှုန်းကို မြေပြင်အရပ်ဘက်အဖွဲ့တွေကနေတဆင့် စီးဆင်းဖို့ ပြောင်းလဲ နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒေါက်တာဆာဆာက “စကစက လူထုဆီမှာ ဖြတ် ၄ ဖြတ်ကိုလုပ်နေတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ အဓိကလုပ်ဆောင်နေတာကလည်း စကစကို နိုင်ငံတကာကနေပြီးမှ ဖြတ် ၃ ဖြတ် လုပ်ခိုင်းတယ်။ အတိုချုံးနဲ့ပြောမယ်ဆိုရင်တော့ နိုင်ငံတကာကနေ လက်နက် စကစဆီသွားနေတာကိုဖြတ်၊ နံပတ် ၂ နိုင်ငံတကာမှာ စကစရဲ့တရားဝင်မှုကို ဖြတ်၊ နံပတ် ၃ နိုင်ငံတကာက ငွေကြေးအကူအညီတွေ စကစ လက်ထဲကို ရောက်နေတာ အကုန်ဖြတ်” လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတကာမှာ တရားဝင်မှုရအောင်ကြိုးစားခဲ့သမျှကို NUG နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဖြတ်တောက်မှုတွေပြုလုပ်နိုင်ခဲ့တာကြောင့် စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါး အချိန်ရလာတဲ့အထိ စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုမှုကို မရခဲ့ပါဘူး။
NUG အစိုးရအနေနဲ့ မြေပြင်မှာ စစ်ရေးဖော်ဆောင်တာကို တဖက်ကနေ ဆောင်ရွက်နေရသလို လူသားစာနာအကူအညီတွေ ပြည်သူဆီတိုက်ရိုက်ရောက်အောင် ကြိုးစားနေတယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။
“လွန်ခဲ့တဲ့လတွေမှာ သူတို့မှာ ခမ်းခြောက်သွားတဲ့အထိကိုရောက်ခဲ့ပါတယ်။ အဲဒီမှာ မအလက နည်းနည်းငိုတယ်လို့ ကျနော်ကြားတယ်။ တကယ်တမ်းဆို မအလကို ငိုအောင် လုပ်နိုင်တဲ့သူတွေက ကျနော်တို့ဖြစ်တယ်နော်။ သူ အခုငိုနေပြီ သူတို့ငိုနေပြီ။ ငိုသံတောင်မှ အရမ်းကျယ်လောင်တယ်လို့ ကျနော်ကြားတယ်။ ဆိုတော့ သူတို့မှာ ပိုက်ဆံသိပ်မရှိတော့ဘူး။ သူတို့ကိုကူညီနေတဲ့ လက်နက်တွေဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ဟိုတနေ့ကလည်း တချို့နိုင်ငံတွေက သူတို့အသုံးပြုနေတဲ့ ဂျက်ဖိုက်တာပေါ့နော်၊ ဂျက်လေယာဉ်ဆီနဲ့ အစိတ်အပိုင်းတွေကိုလည်း သူတို့က ဖြတ် လုပ်လိုက်ပြီ ၃ နိုင်ငံ။ ဆိုတော့ ကျနော်တို့ဟာ တဖြည်းဖြည်းနဲ့ စကစကို ဖြတ် ဖြတ် ဖြတ်ပြီးမှ နောက်ဆုံးကျရင်တော့ နေပြည်တော် ခမ်းခြောက်သွားတဲ့အထိ သွားမှာဖြစ်တယ်”
တွေ့ဆုံပွဲကို နယူးယောက်မြို့ရောက် မြန်မာ ၃၀၀ ကျော်တက်ရောက်ခဲ့ပြီး တော်လှန်ရေးအတွက် ဒေါက်တာဆာဆာ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာအသုံးပြုနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂ သောင်းကျော် လှူဒါန်းခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှု ၃ နှစ်ကျော် ၄ နှစ်နီးပါးကာလမှာ စစ်ကောင်စီနဲ့အပြိုင် နိုင်ငံတကာရဲ့ အစိုးရအဖြစ်အသိအမှတ်ပြုခံရရေးအတွက် တော်လှန်ရေးအင်အားစုတွေက ကြိုးစားနေကြတာ ဖြစ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ဟာ နိုင်ငံတကာစာမျက်နှာမှာ အသာစီးယူနိုင်ဖို့ နိုင်ငံရေးနဲ့ သံတမန်ရေးရာနည်းလမ်းတွေ ရှာဖွေနေကြတာဖြစ်ပါတယ်။