တရုတ်နိုင်ငံပိုင် တျန်ကုန်းအာကာသစခန်းမှာ ၆ လကြာ နေထိုင်ခဲ့တဲ့ တရုတ်အာကာသယာဉ်မှူး ၃ ယောက်ဟာ နိုဝင်ဘာ ၄ ရက်က ရှန်ကျိုး-၁၈ အာကာသယာဉ်နဲ့အတူ ကမ္ဘာမြေပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ အတွင်းမွန်ဂိုလီးယားဒေသ တောင်ဖန်း ဆင်းသက်စခန်းနေရာမှာ လေထီးအကူအညီနဲ့ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်စံတော်ချိန်အရ ၄ ရက်နေ့ ကူးကာစ ည သန်းခေါင်ကျော်မှာ ဆင်းသက်ခဲ့တာဖြစ်ပြီး အခုလို ညမှောင်မိုက်ချိန် ဆင်းသက်တာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။
အာကာသယာဉ်မှူး ရဲကွမ်းဖူ၊ လီချောင်နဲ့ လီကွမ်းဆု တို့ဟာ တရုတ်ပိုင်စခန်းမှာ နေထိုင်စဉ် ကမ္ဘာမှာ ရှေးအကျဆုံး ဇီဝရုပ်တမျိုးဖြစ်တဲ့ အာကီးယား အဏုဇီဝပိုးမွှားကိုလည်း လေ့လာခဲ့ကြပါတယ်။
မေလအတွင်းက တရုတ်အာကာသစခန်းပြင်ပထွက်ပြီး နိုင်ငံစံချိန်အရ အချိန်အကြာဆုံး အာကာသတွင်း လမ်းလျှောက်မှုပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ရဲကွမ်းဖူဟာ ၂၀၂၁-၂၀၂၂ ရှန်ကျိုး-၁၃ မစ်ရှင်မှာပါ ပါဝင်ခဲ့ဖူးသူဖြစ်တဲ့အတွက် အာကာသထဲမှာ တနှစ်ကျော်နေဖူးတဲ့ ပထမဆုံး တရုတ်အာကာသယာဉ်မှူး ဖြစ်လာပါတယ်။
အောက်တိုဘာ ၃၀ ရက်က ရှန်ကျိုး-၁၉ အဖွဲ့သားတွေ တရုတ်အာကာသစခန်းကို တက်လာချိန်မှာ သူတို့ ၃ ယောက်က ကြိုဆိုခဲ့တာကြောင့် အာကာသထဲမှာ တရုတ်အာကာသယာဉ်မှူး ၆ ယောက်အထိ ခဏတာရှိနေမှု စံချိန်ပါ တင်ခဲ့ပါတယ်။
ရှန်ကျိုး-၁၉ မစ်ရှင်ကို တာဝန်လွှဲခဲ့အပြီးမှာ ရှန်ကျိုး-၁၈ အဖွဲ့သားတွေ ကမ္ဘာပေါ်ကို ပြန်လည်ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပတ်လမ်းထဲက အမေရိကန်နဲ့ ရုရှား ဦးဆောင်တဲ့ နိုင်ငံတကာ အာကာသစခန်း (ISS) မှာ နိုင်ငံအများအပြားက ယာဉ်မှူးတွေ၊ ယာဉ်တွေ လာရောက်ချိတ်ဆက်ကြပေမဲ့ တရုတ်ကိုတော့ အမေရိကန်က ပိတ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် တရုတ်က ကမ္ဘာပတ်လမ်းထဲမှာ ကိုယ်ပိုင်အာကာသစခန်းအဖြစ် ကောင်းကင်နန်းတော်လို့ အဓိပ္ပာယ်ရတဲ့ တျန်ကုန်းစခန်းကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Source : Reuters