ကချင်ပြည်နယ်၊ အထူးဒေသ ၁၊ ချီဖွေမြို့နယ်ရှိ ဖီမော တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ပြီးနောက် နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီကစ တရုတ်ဘက်က လူ၊ ကုန်စည် သယ်ပို့မှုကို ယာယီရပ်ဆိုင်းထား လိုက်ပါတယ်။
နယ်စပ်ဂိတ် အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ နယ်စပ်ဂိတ် စစ်ဆေးရေးစနစ် အဆင့်မြှင့်တင်ဖို့ ဖီမော (Pianma) နယ်စပ်ဂိတ်ရဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားဖို့ လိုအပ်နေပြီဖြစ်ကြောင်း Lushui ပြည်သူ့အစိုးရ နယ်စပ်ဂိတ်ရုံးကနေ အသိပေးစာ ထုတ်ပြန်ထားပါတယ်။
နယ်စပ်ဂိတ် ယာယီ ရပ်ဆိုင်းတာကို နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီကစ သက်ရောက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဖီမော တရုတ်နယ်စပ်ဂိတ်ကနေ ကချင်ပြည်နယ်က သယံဇာတ အကုန်သယ်နေတာဖြစ်ပြီး မြန်မာနိုင်ငံထဲက အဖိုးတန်ကုန်စည်တွေ တရုတ်ဘက် သယ်ယူသွားတာပဲ များနေတာကြောင့် တရုတ်အနေနနဲ့ ကချင်နယ်စပ်ဂိတ်တွေကို ကြာကြာပိတ်နိုင်မယ်လို့ မထင်ဘူးလို့ ဒေသခံ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။
“ကျနော်တို့ တော်လှန်ရေးကို မနိုင်စေချင်လို့ ခြိမ်းခြောက်တာပါ။ ပိတ်ကြပါစေလေ။ တသက်လုံးပိတ်ပစ်လည်း ကောင်းတာပဲ။ တခြားနိုင်ငံကနေလည်း ဘာလိုရင်ဘာ ရနိုင်တာပဲ။”
ကချင်အထူးဒေသ ၁ ဟာ မြေရှားသတ္တု အများဆုံးထွက်ရှိရာဒေသဖြစ်ပြီး တရုတ်လုပ်ငန်းရှင်တွေ အများအပြား ရင်းနှီးမြှုပ်နှံတဲ့နေရာလည်း ဖြစ်ပါတယ်။
လက်ရှိ တရုတ်နဲ့ မြန်မာ နယ်စပ်မှာ တရားဝင် နယ်စပ်ဂိတ်တွေ ဖွင့်ထားတာ Yonghe - မိုင်းမော၊ Guanlei - ဝမ်ပုံ ဆိပ်ကမ်းတို့ ၂ ခုလောက်ပဲရှိပြီး ကျယ်ဂေါင် - မူဆယ်၊ Meng'a - ပန်ခမ်း၊ တာလော့ - မိုင်းလား နယ်စပ်ဂိတ်တွေကို ကုန်စည်သယ်ဆောင်မှု ကန့်သတ်ထားကာ ကျန်တဲ့ နယ်စပ်ဂိတ်တွေကိုတော့ ပိတ်ထားတယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။