Home
နိုင်ငံတကာ
တရုတ်နှင့် ရုရှားက မြောက်ကိုရီးယားကို အရှက်မရှိကာကွယ်နေဟု အမေရိကန် ပြော
DVB
·
November 5, 2024
Photo: Reuters

ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှုကို ထပ်ပြီးချိုးဖောက်ဖို့ မြောက်ကိုရီးယားကို ရုရှားနဲ့ တရုတ်တို့က အရှက်မရှိ ကာကွယ်ပြီး ရဲဆေးတင်ပေးနေတယ်လို့ အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နိုဝင်ဘာ ၄ ရက်က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရက သူ့ရဲ့ နျူးကလီးယားတပ်ကို တည်ဆောက်ရေး အရှိန်မြှင့်မယ်လို့ ကတိပြုခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချတာကအစ လက်တုံ့ပြန်တာအဆုံး မြောက်ကိုရီးယားအစိုးရကို တရုတ်နဲ့ ရုရှားက အရှက်မရှိ ကာကွယ်ပေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုသံအမတ်ကြီး ရောဘတ်ဝုဒ်က ပြောခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တဲ့လုပ်ရပ်တွေကို အနီးကပ် မဆန်းစစ်နိုင်အောင် ရုရှားနဲ့ တရုတ်အစိုးရတို့က အကာအကွယ်ပေးခံထားရတဲ့ မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ တရားမဝင် ပဲ့ထိန်းဒုံးကျည်၊ နျူးကလီးယားနဲ့ WMD လို့ခေါ်တဲ့ လက်နက်နဲ့ အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ စနစ်တွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို ဆက်အဆင့်မြှင့်ဖို့ ရဲဆေးတင်ပေးခံထားရပြီးပြီလို့လည်း သူက ဆက်ပြောပါတယ်။

အဖွဲ့ဝင် ၁၅ ယောက်ပါတဲ့ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအစိုးရရဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ အစည်းအဝေး လုပ်ခဲ့တာပါ။

မြောက်ကိုရီးယားကို ရှုတ်ချကြောင်း ကြေညာချက်မထုတ်ဖို့ လုံခြုံရေးကောင်စီကို ရုရှားနဲ့ တရုတ်တို့က တားမြစ်ခဲ့ပြီး ဒီကိစ္စက အများသဘောတူညီချက် လိုအပ်တယ်လို့ ဝုဒ်က ပြောခဲ့ပါတယ်။

ရန်လိုတဲ့ နျူးကလီးယားလက်နက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို တန်ပြန်ဖို့ မြောက်ကိုရီးယားအစိုးရက သူ့ရဲ့ နျူးကလီးယားအင်အား တည်ဆောက်မှုကို အရှိန်မြှင့် လုပ်ဆောင်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကင်မ်ဆောင်းက လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013