ရုရှားနိုင်ငံ၊ ကာ့စ်ခ်ဒေသမှာ မြောက်ကိုရီးယားစစ်သား ၁၁,၀၀၀ ရှိတယ်လို့ ပင်မထောက်လှမ်းရေးညွှန်ကြားမှု ဦးစီးဌာနနဲ့ နိုင်ငံခြားထောက်လှမ်းရေးဌာနတို့က သီးခြား ထောက်လှမ်းရေးသတင်း အစီရင်ခံစာတွေအရ သိရကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို ကူညီပေးမယ့် မြောက်ကိုရီးယား အရေအတွက် တိုးလာတာကို တွေ့ရပေမဲ့ ယူကရိန်းရဲ့ မိတ်ဖက်နိုင်ငံတွေဆီကနေ တုံ့ပြန်မှု တိုးလာတာကို မတွေ့မိပါကြောင်းလည်း ဇလန်းစကီးက သူ့ရဲ့ ညနေခင်း ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
ဇလန်းစကီးဟာ ဒွန်နက်စ်ခ်နဲ့ ကာ့စ်ခ်ဒေသတို့ရှိ ရှေ့တန်းတပ်တွေရဲ့ အခြေအနေတွေ အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ယူကရိန်းတောင်ပိုင်းမှာ ရုရှားရဲ့ လှုပ်ရှားမှုကို ကာကွယ်ရေးတပ်ဖွဲ့တွေက သင့်လျော်သလို သေချာတုံ့ပြန်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေ လှုပ်ရှားနေတာ ၃ လလောက် ရှိနေပြီး ပြည်နယ် နယ်စပ်အနီး သတ်မှတ်ထားတဲ့ ဧရိယာတွေမှာ ကင်းရှင်းဇုန်ကို ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်းလည်း ဆိုပါတယ်။
ယူကရိန်းပြည်သူတွေကို ရုရှားသုံ့ပန်းအဖြစ်ကနေ လွတ်မြောက်စေဖို့မှာ အများကြီး အထောက်အကူဖြစ်စေတဲ့ အကျဉ်းသားလဲလှယ်ရေး ရန်ပုံငွေကို ဖြည့်ဆည်းပေးဖို့အတွက် ကာ့စ်ခ်ဒေသစစ်ဆင်ရေးရဲ့ အရေးပါမှုကို တန်ဖိုးထားရမယ်လို့လည်း ဇလန်းစကီးက ပြောသွားပါတယ်။
အမေရိကန်ကတော့ မြောက်ကိုရီးယားနဲ့ ရုရှားကြား မိတ်ဖက်ဆက်ဆံရေးအတွက် အလွန်စိုးရိမ်မိကြောင်းနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၁,၀၀၀ ဟာ ကာ့စ်ခ်ဒေသကို ရောက်ရှိလာပြီး လာမယ့်ရက်တွေမှာ တိုက်ပွဲဝင်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက နိုဝင်ဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဇွန်လတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကာကွယ်ပေးရေး အချက်ပါ သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ ပူတင်ဟာ မြောက်ကိုရီးယား တပ်စွဲထားမှုကို အတည်ပြုခြင်း၊ ငြင်းဆိုခြင်းလည်း မရှိပါဘူး။
ရုရှားဟာ သူတို့ရဲ့ သဘောတူစာချုပ်ကို သင့်လျော်သလို အကောင်အထည်ဖော်ဖို့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကတော့ ရုရှားနိုင်ငံ၊ ကာ့စ်ခ်ဒေသမှာ အနည်းဆုံး မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၁,၀၀၀ ရှိနေပေမဲ့ တိုက်ပွဲမှာ ပါဝင်တယ်ဆိုတဲ့ သတင်းတွေကို အတည်မပြုနိုင်ဘူးလို့ နိုဝင်ဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားတပ်တွေဟာ တိုက်ခိုက်ရေးပိုင်း သို့မဟုတ် တိုက်ခိုက်ရေးကို ထောက်ကူမယ့် စွမ်းရည်တွေကို ပံ့ပိုးပေးမယ့် အရိပ်အယောင်တွေရှိကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပက်ထရစ်ရိုင်ဒါက ပြောကြားခဲ့ပါတယ်။
Source : Reuters