Home
နိုင်ငံတကာ
မော်လ်ဒိုဗာသမ္မတရွေးကောက်ပွဲ ဒုကျော့တွင် လက်ရှိသမ္မတ အနိုင်ရ
DVB
·
November 4, 2024
Photo : Reuters

မော်လ်ဒိုဗာ သမ္မတရွေးကောက်ပဲ ဒုတိယအကျော့မှာ အနောက်လိုလားတဲ့ လက်ရှိအာဏာရ အမျိုးသမီးသမ္မတ မိုင်ယာဆန်ဒူ အနိုင်ရခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲ ၉၈ ရာခိုင်နှုန်း ရေတွက်ပြီးချိန် ဆန်ဒူက မဲ ၅၄ ဒသမ ၃၅ ရာခိုင်နှုန်းနဲ့ အနိုင်ရဖို့ သေချာသွားတာဖြစ်ပါတယ်။

ရုရှားလိုလားတဲ့ ဆိုရှယ်လစ်ပါတီက သမ္မတလောင်း အလက်ဇန္ဒား စတွိုင်ယာနိုဂလူဟာ အရေးနိမ့်သွားခဲ့ပေမဲ့ ပြည်တွင်းမဲမှာ အသာရခဲ့ပါတယ်။

ဒါပေမဲ့ ပြည်ပရောက် မော်လ်ဒိုဗာနိုင်ငံသားတွေရဲ့ မဲ ၈၀ ရာခိုင်နှုန်းကို ဆန်ဒူက ရတဲ့အတွက် မဲအားလုံးပေါင်းမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် ကမ္ဘာ့ဘဏ်အကြံပေးဟောင်း ဆန်ဒူရဲ့ အောင်ပွဲဟာ မော်လ်ဒိုဗာရဲ့ ရုရှားရပ်ဝန်းကထွက်ပြီး ဥရောပသမဂ္ဂ (EU) ဝင်ရောက်ရေး ကြိုးပမ်းမှုမှာ အထူးအရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။

အရေးနိမ့်ခဲ့တဲ့ စတွိုင်ယာနိုဂလူကလည်း EU ဝင်ရောက်ရေးကို ထောက်ခံတယ် ဆိုပေမဲ့ ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ဟာ အမျိုးသားအကျိုးစီးပွားဖြစ်တယ်လို့ ပြောထားသူ ဖြစ်ပါတယ်။

ရုရှားဟာ ရွေးကောက်ပွဲမှာ အကြီးအကျယ် ဝင်စွက်ခဲ့ပြီး ရုရှားမှာနေတဲ့ မော်လ်ဒိုဗာ သူဌေးကြီး အီလန်ရှောက ငွေသုံး၊ အင်အားသုံးပြီး ရလဒ်ပြောင်းဖို့ ကြိုးစားခဲ့တယ်လို့ ဆန်ဒူဘက်က စွပ်စွဲထားပါတယ်။

မဲရုံတွေကို မဲဆန္ဒရှင်တွေ ခေါ်သွားပေးတယ်၊ ပြည်ပက မဲရုံတွေမှာ ဆိုက်ဘာတိုက်ခိုက်တာ၊ ဗုံးခွဲမယ်လို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဝင်စွက်မှုတွေကြောင့် အောက်တိုဘာ ၂၀ ရက်မှာ တချိန်တည်းလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ ပထမအကျော့နဲ့ ဥရောပသမဂ္ဂ ဝင်ရောက်ရေး ဆန္ဒခံယူပွဲ မဲရလဒ်အပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူဌေးကြီး ရှောက လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းရှိတဲ့ လူ ၃ သိန်းလောက်အထိရဲ့ မဲဝယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သမ္မတဘက်က စွပ်စွဲထားပါတယ်။

ဒါပေမဲ့ ဆန္ဒခံယူပွဲမှာ ဥရောပသမဂ္ဂနဲ့ ပူးပေါင်းဖို့ လိုလားတဲ့ဘက်က ၅၀ ဒသမ ၃၅ ရာခိုင်နှုန်းနဲ့ ကပ်နိုင်ခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024