အမေရိကန်နဲ့ သူ့လက်အောက်ခံနိုင်ငံတွေရဲ့ ရန်လိုတဲ့မူဝါဒကို ထိန်းကျောင်းဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးသေချာစေဖို့ မြောက်ကိုရီးယားရဲ့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းက လုပ်နေတဲ့ ဆောင်ရွက်ချက်တွေကို ရုရှားက အပြည့်အဝထောက်ခံတယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ရုရှားနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ သောကြာနေ့က မဟာဗျူဟာမြောက် ဆွေးနွေးပွဲအတွင်းရလာတဲ့ အခြေခံအချက်တွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂ ရက် သတင်းထုတ်ပြန်ချိန်မှာ ခုလို ပြောလိုက်တာပါ။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆန်းဟွေနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ် တို့ရဲ့ ဆွေးနွေးပွဲအပြီး ကြေညာချက်ကို မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ကြေညာခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ် အရှေ့မြောက် အာရှနဲ့ ကမ္ဘာတလွှား တခြားအစိတ်အပိုင်းတွေမှာ အမြဲ အရှိန်မြင့်နေတဲ့ တင်းမာမှုတွေရဲ့ အကြောင်းရင်းမြစ် က အမေရိကန်နဲ့ သူ့ရဲ့ လက်အောက် ခံနိုင်ငံ တွေရဲ့ ကျူးကျော်ရန်စမှုတွေထဲမှာ မူတည်နေတယ်ဆိုတဲ့ ဘုံနားလည်မှုကို ရုရှားနဲ့ မြောက် ကိုရီးယား ၂ နိုင်ငံလုံးက ဖော်ပြခဲ့ကြတယ်လို့ ကြေညာချက်က ဆိုပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေက နှစ်နိုင်ငံလုံးရဲ့ ပြင်ပမူဝါဒရေးရာ အစိတ်အပိုင်းတွေအကြား ဆွေးနွေးပွဲအဆင့်အမျိုးမျိုးမှာ ညှိနှိုင်းဆွေးနွေးဖို့ သဘောတူခဲ့တယ် လို့လည်း ကြေညာချက်က ဆိုပါတယ်။
ဗျူဟာမြောက် တိုင်ပင်ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်တွေ့ကျတဲ့ ကိစ္စရပ်တွေအပေါ် စေ့စေ့စပ်စပ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲတွေက ရုရှားဖက်ဒရေးရှင်းနဲ့ မြောက်ကိုရီးယားတို့ကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးနဲ့အညီ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ချဲ့ထွင်ရေးတို့အတွက် အရေးကြီးတဲ့ ပံ့ပိုးကူညီမှု တရပ်ဖြစ်တယ်လို့လည်း ကြေညာချက်က ပြောထားပါတယ်။
Source: Reuters