Home
နိုင်ငံတကာ
အချိန်မတိုင်မီ မဲနိုင်ကြောင်း ထရမ့်ပ် ကြေညာပါက ချက်ချင်း တုံ့ပြန်ရန် ဒီမိုကရက် စီစဉ်
DVB
·
November 3, 2024
Photo: Reuters

ဒေါ်နယ်ထရမ့်ပ်က ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း အချိန်မတိုင်မီ ကြေညာဖို့ ကြိုးစားပါက ဒီမိုကရစ်ပါတီက အမြန်တုံ့ပြန်ဖို့ စီစဉ်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ထရမ့်ပ် ပြုလုပ်ခဲ့သလိုမျိုး အခုရွေးကောက်ပွဲမှာ ပြုလုပ်ပါက ဒီမိုကရက်ပါတီက ဆိုရှယ်မီဒီယာနဲ့ ရုပ်သံလိုင်းတွေမှာ မဲရေတွက်မှုကို သည်းခံပြီး စောင့်ကြည့်ပေးဖို့ တုံ့ပြန်မှုတွေ မြန်မြန်ပြုလုပ်မယ်လို့ ရိုက်တာကို ပြောပါတယ်။ 

ထရမ့်ပ်က ရွေးကောက်ပွဲနေ့မှာ အနိုင်ရတဲ့အကြောင်း ကြေညာမယ်လို့ ဒီတပတ်ထဲမှာ ထုတ်ဖော် ပြောဆိုထားတာကြောင့် ဒီမိုကရက်ပါတီက အခုလို စီစဉ်ထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲပညာရှင်တွေက နောက်ဆုံးရလဒ်ထွက်ဖို့ ရက်အများကြီး စောင့်ရမယ်လို့ သတိပေးထားပေမဲ့ ထရမ့်ပ့်က ရွေးကောက်ပွဲလုပ်မယ့်နေ့မှာ ကြေညာမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

မဲပေးတဲ့ တချို့အဓိကနေရာတွေမှာ မဲပြန်လည်ရေတွက်မှုတွေ ဖြစ်နိုင်တာကြောင့် ပညာရှင်တွေက သတိပေးထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရသူကို ရွေးကောက်ပွဲအဖွဲ့က တရားဝင်ပေးတဲ့အချိန်မှသာ မီဒီယာတွေက ကြေညာပေးတာဖြစ်ပါတယ်။

အဲဒီလို ကြေညာချက်မတိုင်မီ သမ္မတလောင်းက အနိုင်ရကြောင်း ကြေညာမှုတွေလည်း တခါတလေ ရှိတတ်ပါတယ်။

ကမ်မလာဟားရစ်က “ထရမ့်ပ် ကြေညာမယ်ဆိုရင် ကျမတို့ အဆင်သင့်ပြင်ဆင်ထားပါတယ်။  အမေရိကန်ပြည်သူတွေကို မှန်ကန်တဲ့သတင်းတွေ ပေးဖို့ သတင်းဌာနတွေကို ဆက်သွယ်ထားပါတယ်။ ဒါက ကျမတို့ တုံ့ပြန်ဖို့ ပြင်ဆင်ထားတာပါ” လို့ ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ 

ဒါပေမဲ့ ဟားရစ်က ထရမ့်ပ်သာ ကြေညာမယ်ဆိုရင် တုံ့ပြန်မှုအစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

၂၀၂၀ တုန်းက ထရမ့်ပ်ဟာ ရွေးကောက်ပွဲနေ့ပြီးနောက်တနေ့ မနက်စောစောမှာပဲ သူ အနိုင်ရကြောင်း ကြေညာခဲ့ဖူးပါတယ်။

နောက်ဆုံးမှာတော့ အဲဒီရွေးကောက်ပွဲမှာ ထရမ့်ပ်က ဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရှုံးနိမ့်မှုကိုလည်း ထရမ့်ပ်က လက်မခံခဲ့ဘဲ  မဲရလဒ် မှားယွင်းတယ်လို့ အခိုင်အမာဆက်ပြီး ပြောနေခဲ့တာပါ။

နိုဝင်ဘာ ၁ ရက်က ဟားရစ်ဟာ ဝစ်ကိုဆင်မှာ လူလတ်တန်းစားတွေရဲ့ အခွန်လျှော့ချဖို့၊ ကလေးငယ်တွေကို ထောက်ပံ့ဖို့နဲ့ သက်ကြီးရွယ်အိုတွေကို ကူညီဖို့ မဲဆွယ်ခဲ့တာ တွေ့ရပါတယ်။ ထရမ့်ပ်ကတော့ နိုဝင်ဘာလ ၁ ရက်မှာ မစ်ချီဂန်မှာ မွတ်စလင်နဲ့ လက်ဘနွန်အဖွဲ့အစည်းတွေကို အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးယူပေးမယ်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013