အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရတယ် ဆိုတာထက် မြန်မာ့အရေးအတွက် နှစ်ဖက်စလုံးကို ဘယ်လိုစည်းရုံးရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ အမေရိကန်ရောက် မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။
ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်သမ္မတလောင်း ကမ်မလာဟားရစ်နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်တို့ အပြိုင်မဲဆွယ်စည်းရုံးပွဲတွေ ပြုလုပ်နေကြတာပါ။
ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံတဝန်း မဲဆန္ဒရှင် ၄၉ သန်းဝန်းကျင်ဟာ ကြိုတင်မဲတွေ ပေးထားတယ်လို့ ဖလော်ရီဒါတက္ကသိုလ် ရွေးကောက်ပွဲစစ်တမ်းက ဖော်ပြထားပြီး ကြိုတင်ခန့်မှန်း စစ်တမ်းတွေအရ တဖက်နဲ့တဖက် သိသိသာသာ အသာစီး မယူနိုင်သေးဘူးလို့ ဆိုပါတယ်။
အမေရိကန်ရောက် မြန်မာတွေထဲမှာကို သမ္မတရွေးကောက်ပွဲအတွက် သဘောထား ကွဲလွဲနေကြတာကိုလည်း တွေ့ရပါတယ်။ သမ္မတလောင်းတွေ ကိုယ်စားပြုတဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ၂ ပါတီစလုံးဟာ မြန်မာ့အရေး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း အခြေအနေတွေ အပေါ်မှာတော့ တူညီတဲ့ ဘုံအလေးထားမှု ရှိတယ်လို့ အမေရိကန်နိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ Los Angeles Myanmar Movement စည်းရုံးရေးတာဝန်ခံ ဂျိမ်း(စ်)ရွှေက သုံးသပ်ပါတယ်။
“ကျနော်ကတော့ Bipartisan (နှစ်ဖက်ပါတီ) ဖြစ်တာကို ပိုသဘောကျတယ်ဗျာ။ အဲဒီတော့ မြန်မာ့အရေးဆိုရင်တော့ ရီပတ်ဘလစ်ရော ဒီမိုကရက်ရော နှစ်ဖက်စလုံးက ကျနော်တို့ကို ကူနိုင်တဲ့သူ ကူနိုင်သလောက် ကူအောင်လို့ ဆိုပြီးတော့ ကျနော်တို့ ချဉ်းကပ်ရတာပေါ့လေ။ ဒါပေမဲ့ မဲပေးတာကြတော့ ကိုယ်နေတဲ့ ပြည်နယ်နဲ့ ကိုယ့်ရဲ့အခြေအနေနဲ့ ကိုယ့်ရဲ့ နိုင်ငံရေးခံယူချက်နဲ့ လွတ်လပ်စွာ ပေးပေါ့ဗျာ နော်။ သူတို့ကိုတော့ ကျနော်တို့က ဘယ်သူ့မဲပေးပါ၊ ဘယ်ဝါ့မဲပေးပါ ဆိုပြီးတော့ လိုက်ပြီးတော့ မဲမဆွယ်ဘူး၊ လွှမ်းမိုးတာမျိုး မလုပ်ဘူး။ နောက် ဒီက ကွန်ဂရက်စ်တို့ ဘာတို့ကိုလည်း ကျနော် ရှင်းအောင်ပြောထားတယ်။ သူတို့ သူတို့သဘောနဲ့သူတို့ လုပ်ပါစေ၊ ဒီဥစ္စာက ဒီမိုကရေစီ၊ ဒါပေမဲ့ ကျနော်တို့ မြန်မာ့အရေး ကူတာတော့ ခင်ဗျားတို့ကို ကျနော်တို့ Bipartisan (နှစ်ဖက်ပါတီ) ဖြစ်စေချင်တယ် ဆိုပြီးတော့လေ။”
ပြည်တွင်းရေးရာကိစ္စတွေမှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တို့ဟာ သဘောထား ကွဲလွဲတာတွေ ရှိပေမဲ့ နိုင်ငံခြားရေးရာမူဝါဒတွေနဲ့ အကဲဆတ်တဲ့ နိုင်ငံတကာရေးရာတွေနဲ့ ပတ်သက်ရင် လိုအပ်ရင် လိုအပ်သလို ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေတာပါ။
ပါတီကိုယ်စားပြု ခေါင်းဆောင်ဖြစ်ခဲ့သူတွေကို လေ့လာကြည့်ရင်လည်း ၂ ပါတီစလုံးဘက်က အရှေ့တောင်အာရှအရေးကို အာရုံစူးစိုက်မှုတွေ ရှိခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အာရှမှာ တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုကို ထိန်းညှိဖို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေရဲ့ အရေးတွေမှာ ၂ ပါတီစလုံးရဲ့ အမေရိကန်ခေါင်းဆောင်တွေ အစဉ်အဆက် အားစိုက်ထုတ်မှုတွေ ရှိခဲ့တယ်လို့ လေ့လာသူတယောက်က သုံးသပ်ပါတယ်။
ဒါပေမဲ့ ယူကရိန်းအရေး အပါအဝင် နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေက သမ္မတအသစ်အတွက် စိန်ခေါ်ချက်တွေ ဖြစ်နေတာပါ။
Learn and Share-လေ့လာဝေမျှမှ ဦးကိုကိုလေးက “ဒီမိုကရက်ရဲ့ လမ်းကြောင်းက Engagement ဖြစ်ပါတယ်။ စကားပြန်လည်ပြောတဲ့ ကိစ္စပေါ့ဗျာ။ အဲဒီနေရာမှာ ကျနော်တို့ မြန်မာပြည်သူလူထုနဲ့ In Line ဖြစ်မဖြစ်တော့ မသိဘူး။ မြန်မာပြည်သူလူထုကတော့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့ သွားနေတဲ့အတွက်ကြောင့် အဲဒီ ဒီမိုကရက်ရဲ့ ပေါ်လစီနဲ့တော့ In Line မဖြစ်ပါဘူး။ ရီပတ်ဘလစ်ကန်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ရီပတ်ဘလစ်ကန်က မစ်ချ် မက်ကော်နဲလ်တို့ဟာ အင်မတန်မှ မြန်မာပြည်အရေးကို စိတ်ဝင်စားပြီးတော့မှ မြန်မာပြည်အရေးကို လုပ်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူတို့ရဲ့ပေါ်လစီက မြန်မာပြည်အရေးကို စိတ်ဝင်စားတယ်။ ပရိုဖြစ်တယ်ပေါ့ဗျာ နော်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ပ်က ရီပတ်ဘလစ်ကန်ပေါ်လစီနဲ့ သွားတာမဟုတ်ဘူးဗျ။ အဲဒါ ကျနော်တို့အတွက်က တော်တော်ဆိုးတာ။ ရီပတ်ဘလစ်ကန်ရဲ့ မူဝါဒကတော့ ကျနော်တို့နိုင်ငံအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ရီပတ်ဘလစ်ကန်ရဲ့ မူဝါဒကို မသုံးဘဲနဲ့ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ပတ်သက်လို့ Soft Power ကို မတည်ဆောက်ထားတဲ့ အတွက်ကြောင့် NATO တောင်မှ သူက စာရင်းထဲ ထည့်မတွက်ထားဘူးဆိုတော့ မြန်မာပြည်ဆိုရင်တော့ သူသိချင်မှတောင် သိမှာပေါ့ဗျာ” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ရှိနေမှာဖြစ်ပြီး အမေရိကန်ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကပါတီကြီး ၂ ခုစလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားပြီး လွှတ်တော်အမတ်တွေကနေတဆင့် မြန်မာ့အရေးနဲ့ ပတ်သက်တာတွေကို လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေဆီကို အသိပေး အကူအညီရယူနိုင်ဖို့ ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်လို့ NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“မြန်မာ့နိုင်ငံရေးက Bipartisan(နှစ်ဖက်ပါတီ) ကိစ္စရပ်ဖြစ်တယ်။ ရီပတ်ဘလစ်ကန်ပါတီရော ဒီမိုကရက်ပါတီကပါ မြန်မာ့နိုင်ငံရေးကို ထောက်ပံ့ကူညီပေးကြတယ်။ ကွန်ဂရက်မှာ Burma Act အတည်ပြုတဲ့ဟာဆိုရင်လည်း ဒါ Bipartisan(နှစ်ဖက်ပါတီ) ပဲ။ ဒီမိုကရက်ရော ရီပတ်ဘလစ်ကန်ရော ပူးတွဲပြီးတော့ ဥပဒေကိုတင်တယ်၊ အားလုံးက ထောက်ခံပြီးတော့ အတည်ပြုခဲ့ကြတယ်။ ဒီမိုကရက်သမ္မတက လက်မှတ်ထိုး အတည်ပြုခဲ့တယ်။ ဘယ်သူပဲရရ လွှတ်တော်အမတ်တွေ နိုင်ငံ့ခေါင်းဆောင်တွေ သူတို့ကို ကျနော်တို့ အမေရိကန်ရောက်တဲ့ အစုအဖွဲ့တွေ အနေနဲ့က မြန်မာပြည်မှာ အဓမ္မနဲ့ ဓမ္မ ဖြစ်နေတဲ့ကိစ္စမှာ ပြည်သူလူထုရဲ့ တော်လှန်ရေး အောင်မြင်ဖို့အတွက် အကူအညီပေးဖို့အတွက် ညီညီညွတ်ညွတ်နဲ့ စည်းရုံးရေးလုပ်ရမှာ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်ရော ဒီမိုကရက်ပါ လုပ်ရမှာ ဖြစ်ပါတယ်ဆိုတာ ပြောကြားချင်ပါတယ်ဗျ။”
အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA မှာ ထည့်သွင်းဖော်ပြထားတဲ့ Burma Act ပါ ဖော်ပြချက်တွေအတိုင်း မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ့်အချက် ပါဝင်တဲ့ ဘတ်ဂျက် အတည်ပြုချက်ကို သမ္မတ ဂျိုးဘိုင်ဒင်က မတ်လထဲမှာ လက်မှတ်ရေးထိုးထားပါတယ်။
အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန်အေ ာက်လွှတ်တော်က ၂၀၂၂ ဒီဇင်ဘာ ၇ ရက်မှာ အတည်ပြုခဲ့ပြီး စာမျက်နှာ ၂၅ မျက်နှာပါဝင်တဲ့ Burma Act တခုလုံးကိုလည်း ထည့်သွင်းခဲ့ပါတယ်။
NDAA အရ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ နှစ်အတွင်း ဘဏ္ဍာရေးရန်ပုံငွေတွေကို ခွင့်ပြုပေးသွားမှာဖြစ်ပြီး တော်လှန်ရေး လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ နည်းပညာ အကူအညီတွေ အပါအဝင် အစီအစဉ် ၇ ခုကို ပေးအပ်သွားဖို့ အတည်ပြုထားတာ ဖြစ်ပါတယ်။
သုတချမ်းသာ