Home
ဆောင်းပါး
အမေရိကန်သမ္မတကို ဘယ်လို ရွေးသလဲ၊ ဘယ်သူ ရမလဲ
DVB
·
November 3, 2024

နိုဝင်ဘာလ ၅ ရက်နေ့မှာ အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်သမ္မတကို ဘယ်လိုရွေးသလဲ၊ ဘာကြောင့် လူထုမဲနဲ့ တိုက်ရိုက်မရွေးသလဲ၊ ဘယ်သူသမ္မတ ဖြစ်လာမလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

အမေရိကန် ရွေးကောက်ပွဲအကြောင်း အမြဲစောင့်ကြည့်လေ့လာသူဆိုရင်ဒေါ်နယ်ထရမ့်ပ်က ဂျိုးဘိုင်ဒင်ကို ဘယ်လောက်ရာခိုင်နှုန်း သာသွားလို့ ဘိုင်ဒင် နောက်ဆုတ်ပေးခဲ့တယ် ဆိုတာတွေ၊ လက်ရှိမှာ ကမ်မလာဟားရစ်က ထရမ့်ပ်ထက် ၁ ရာခိုင်နှုန်းပဲ သာတော့တယ် စတဲ့သတင်းတွေကို ဖတ်ရှု၊ မြင်တွေ့၊ ကြားသိကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူတဲ့ ဒီစစ်တမ်းတွေက သမ္မတရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ တကယ် ပြောမပြနိုင်ပါဘူး။ ပုခက်လိုမျိုး ဟိုဘက် ဒီဘက် ယိမ်းနေတဲ့ Swing State လို့ခေါ်တဲ့ ပြည်နယ်တွေကသာ အဓိကအဆုံးအဖြတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ကမ္ဘာတလွှားက ဒီမိုကရေစီနိုင်ငံ အများစုမှာ နိုင်ငံ့ခေါင်းဆောင်ကို လူထဲမဲနဲ့ ရွေးကြတာဖြစ်ပြီး လူထုမဲ အများဆုံးရသူက အနိုင်ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ မတူပါဘူး။

အမေရိကန်ပြည်ထောင်စုဟာ သမ္မတကို ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့  ရွေးချယ်ရေးအဖွဲ့ (electoral college) ကတဆင့် ရွေးကောက်တင်မြှောက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူတွေ သမ္မတကို မဲပေးတဲ့အခါ သူတို့ပြည်နယ်က ဘယ်သူ့ကို မဲပေးမလဲ ဆိုတာကိုပဲ မဲပေးကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ လူထုဆန္ဒမဲအများစု မရပေမဲ့ ရွေးကောက်ပွဲနိုင်တဲ့သူ နှစ်ဦး ရှိခဲ့ပါတယ်။ သမိုင်းတလျှောက်မှာတော့ ၅ ဦးအထိ ရှိခဲ့ပါတယ်။ စစ်တမ်းတွေအရတော့ အမေရိကန်အများစုက ဒီစနစ်ကို မနှစ်ခြိုက်ကြဘဲ ဖျက်သိမ်းဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အခုထိ မအောင်မြင်သေးပါဘူး။

ဘာကြောင့် အမေရိကန်ဟာ ဒီစနစ်ကို ဆက်သုံးနေသလဲ၊ ဘယ်သူတွေ အကျိုးရှိနေသလဲ ဆက်လေ့လာကြည့်ရအောင်ပါ။

ပြည်နယ်တခုချင်းစီဟာ ကွန်ဂရက်လွှတ်တော်မှာ တက်ရောက်ခွင့်ရတဲ့ အမတ်အရေအတွက်နဲ့ ညီမျှတဲ့ ရွေးချယ်ရေးအဖွဲ့ဝင် အရေအတွက်ကို ရရှိပါတယ်။ ကွန်ဂရက်လွှတ်တော် ဆိုတာဟာ မြန်မာပြည်က ပြည်ထောင်စုလွှတ်တော်နဲ့ သဘောသဘာဝ ဆင်တူပါတယ်။ လူဦးရေကို အခြေခံတဲ့ အောက်လွှတ်တော် (house of representative) နဲ့ ပြည်နယ်၊ တိုင်း အညီအမျှ အမတ် ၂ ဦးစီသာရတဲ့ အထက်လွှတ်တော် (senate)  နှစ်ရပ်ပေါင်းကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

လူဦးရေများပြားတဲ့ တက္ကဆက်နဲ့ လူဦးရေ အင်မတန်နည်းတဲ့ ဗားမောင့်ပြည်နယ်ကို ဥပမာအနေနဲ့ ကြည့်နိုင်ပါတယ်။ လူဦးရေအရ တက္ကဆက်ဟာ အောက်လွှတ်တော်အမတ် ၃၆ ယောက် ရပေမဲ့​ ဗားမောင့်ကတော့ တယောက်ပဲ ရပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော်မှာတော့ နှစ်ပြည်နယ်စလုံးက နှစ်ယောက်စီ အညီအမျှရပါတယ်။

အဲဒီလို ပြည်ထောင်စုလွှတ်တော် နှစ်ရပ်ပေါင်း အမတ်အရေအတွက်နဲ့ တူညီတဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့ဝင် အရေအတွက်ကို အသီးသီးရကြတဲ့အတွက် တက္ကဆက်က ၃၆ အပေါင်း ၂၊ ၃၈ ယောက်ရပြီး ဗားမောင့်က ၁ အပေါင်း၂၊ ၃ ယောက် ရပါတယ်။

ဒါကြောင့် လူဦးရေအရ ပြန်တွက်ကြည့်ရင် လူနည်းတဲ့ ဗားမောင့်မှာနေတဲ့သူတွေရဲ့ မဲက တက္ကဆက်မှာ နေတဲ့သူတွေရဲ့မဲထက် ကိုယ်စားပြုခွင့် ပိုများသလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံက လွှတ်တော်ရွေးကောက်ပွဲမှာဆိုရင် ပြည်သူ့လွှတ်တော်ကို မြို့နယ်အပေါ် အခြေခံပြီး အမျိုးသားလွှတ်တော်ကို တိုင်းနဲ့ပြည်နယ်အားလုံး အချိုးကျရတာနဲ့ ပြန်ယှဉ်ကြည့်လို့လည်း ရပါတယ်။​ အဲဒီစနစ်အရ ကယားပြည်နယ်ဟာ ပြည်သူ့လွှတ်တော်အမတ် ၇ ယောက်ပဲ ရပေမဲ့ အမျိုးသားလွှတ်တော်မှာ ၁၂ ယောက်တောင် ရတဲ့အတွက် လူဦးရေနဲ့ယှဉ်ရင် ကိုယ်စားပြုခွင့် များတာကို တွေ့နိုင်ပါတယ်။ ပြည်နယ်ငယ်တွေဟာ ရတဲ့ခွဲတမ်းနည်းပေမဲ့ လူဦးရေအချိုးနဲ့ယှဉ်ရင် ကိုယ်စားပြုခွင့် များတဲ့သဘောကို တွေ့နိုင်ပါတယ်။​

အမေရိကန်နဲ့ပဲ ပြန်ဥပမာပေးရရင် ဝိုင်ယိုမင်းပြည်နယ်က မဲဆန္ဒရှင်တယောက်ဟာ ကာလီဖိုးနီးယားပြည်နယ်က မဲဆန္ဒရှင်တယောက်ရဲ့ မဲထက် သုံးဆခွဲ ပိုအားကောင်းသလို ဖြစ်နေပါတယ်။

အမေရိကန် အောက်လွှတ်တော်အမတ် ၄၃၅ ဦးနဲ့ အထက်လွှတ်တော် အမတ် ၁၀၀ ရှိတဲ့အတွက် စုစုပေါင်း ၅၃၅ ဦး ရှိပါတယ်။ အဲဒီအရေအတွက်နဲ့ တူညီတဲ့ သမ္မတရွေးချယ်ရေးကိုယ်စားလှယ် (elector) အရေအတွက်ကို ပြည်နယ်တွေက ရှေ့မှာပြောခဲ့တဲ့ အချိုးအတိုင်း ရရှိပါတယ်။ ဒါကြောင့် ၅၃၅ ရဲ့ တဝက်ကျော်ဖြစ်တဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၂၇၀ ကျော် ရတဲ့သူက ရွေးကောက်ပွဲနိုင်ပြီး သမ္မတ ဖြစ်ပါတယ်။

ဘာကြောင့် လူထုမဲနဲ့ တိုက်ရိုက်မရွေးဘဲ ဒီလိုမျိုး တဆင့်ခံ ရွေးနေရသလဲ

ဒီစနစ်ရဲ့ ဇာစ်မြစ်ဟာ ကျွန်စနစ်မှာ မြစ်ဖျားခံခဲ့တယ်လို့ ဆိုလို့ရပါတယ်။ အမေရိကန်ပြည်ထောင်စု စတင်ထူထောင်ခါစမှာ ကျွန်စနစ်ဆန့်ကျင်တဲ့ မြောက်ပိုင်းနဲ့ ကျွန်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးတဲ့ တောင်ပိုင်းကြားမှာ ပြဿနာရှိခဲ့ပါတယ်။ ကျွန်တွေကို မဲပေးခွင့် မပေးပေမဲ့ ရွေးကောက်မဲအတွက် လူဦးရေအချိုးကို ရေတွက်တဲ့အခါ ထည့်ရေဖို့ တောင်ပိုင်းက လိုလားပါတယ်။ မြောက်ပိုင်းကကျတော့ မဲပေးပိုင်ခွင့်မရှိတဲ့ ကျွန်တွေကို ထည့်မရေတွက်စေချင်ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ ကြားချပြီး ကျွန်တယောက်ကို လူတယောက်ရဲ့ ငါးပုံသုံးပုံနဲ့ ညီတယ်လို့ ရေတွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆိုလိုတာက ကျွန်အယောက် ၁၀၀ ရှိရင် လူဦးရေ ၆၀ ရှိတယ်လို့ တွက်ချက်တဲ့သဘောပါ။

ဒါကြောင့် ၁၈၀၀ ပြည့်နှစ်မှာ မြောက်ပိုင်းပြည်နယ် ပင်ဆီလ်ဗေးနီးယားနဲ့ တောင်ပိုင်းပြည်နယ် ဗာဂျီးနီးယားမှာ လွတ်လပ်တဲ့ လူဦးရေ မကွာပေမဲ့ ကျွန်သိန်းချီရှိတဲ့ ဗာဂျီးနီးယားက ရွေးကောက်မဲ ပိုရခဲ့ပါတယ်။

နောက်ပိုင်း အမေရိကန်မှာ ကျွန်စနစ်ဖျက်သိမ်းပြီး လူမည်းတွေ ပြန်မဲပေးခွင့်ရခဲ့ချိန်မှာလည်း တောင်ပိုင်းခေါင်းဆောင်တွေက မဲပေးခွန်ကောက်တဲ့ ဥပဒေတွေ၊ အကြမ်းဖက်တာတွေနဲ့ မဲမပေးရဲအောင် ဖိအားပေးတာတွေ ဆက်ရှိခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီပြည်နယ်တွေမှာ လူအများစုကြီးက မဲမပေးနိုင်ကြဘဲ မဲပေးနိုင်သူတွေက တခြားပြည်နယ်တွေက မဲထက် ပိုအားကောင်းသလို ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့် ဒီစနစ်ကို ပြင်ဖို့ ၁၈၁၆ မှာ ပထမဆုံးအကြိမ် စကြိုးပမ်းခဲ့ကြပေမဲ့ တောင်ပိုင်းသား အထက်လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီကစလို့ ပြင်ဖို့ ကြိုးပမ်းလာလိုက်တာ ၁၉၆၉ မှာတော့ အောင်မြင်မလို တကြိမ် ဖြစ်ခဲ့ပါသေးတယ်။ အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်ရော ဒီမိုကရက်အမတ်တွေကပါ ထောက်ခံခဲ့ကြပေမဲ့ အထက်လွှတ်တော် အရောက်မှာတော့ တောင်ပိုင်းသား အထက်လွှတ်တော်အမတ်တွေက ထပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

လူမည်းတွေရော၊ အမျိုးသမီးတွေရော မဲပေးခွင့်ရှိတဲ့ ဒီကနေ့ခေတ်မှာတော့ သမ္မတ ရွေးချယ်ရေးအဖွဲ့ဝင် စနစ်ကြောင့် အကျိုးရှိသူတွေက ပြောင်းလဲလာပါတယ်။ ရီပတ်ဘလီကန်ဘက်က နောက်ဆုံး နှစ်ကြိမ်တိတိ ဒီ electoral college စနစ်ကြောင့် အကျိုးရှိခဲ့ပါတယ်။  ၂၀၀၀ ပြည့်နှစ် ဂျော့ချ်ဒဗလျူဘုရှ်က အယ်လ်ဂိုးထက် လူထုမဲ နည်းပေမဲ့ နိုင်ခဲ့သလို ၂၀၁၆ မှာ ထရမ့်ပ်က ဟီလာရီကလင်တန်ကို နိုင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ရွေးချယ်ရေးအဖွဲ့နဲ့ ရွေးတဲ့စနစ်ဟာ အဓိကအားနည်းချက် ၃ ချက် ရှိတယ်လို့ ဆိုကြပါတယ်။

ပထမဆုံးအချက်က ပုခက်လွှဲသလို ဘယ်ဘက်မဆို ယိမ်းသွားနိုင်တဲ့ swing state ပြည်နယ်တွေကို အခွင့်အရေး အရမ်းပေးလွန်းအားကြီးပြီး လက်တဆုပ်စာ ပြည်နယ်အချို့က ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးရာ ရောက်တယ်လို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။

နောက်တချက်က Electoral College ဟာ ကျွန်စနစ်နဲ့ လူမျိုးရေးခွဲခြားမှုအပေါ် အခြေတည် ပေါက်ဖွားလာခဲ့တယ်ဆိုတဲ့ ပြဿနာဖြစ်ပါတယ်။

နောက်ဆုံးတချက်ကတော့ ဒီမိုကရေစီ ဆိုတာ ပြည်သူ့ဆန္ဒနဲ့ သွားတာဖြစ်တဲ့အတွက် အရွယ်ရောက်ပြီးသူတိုင်း တယောက်တမဲ အဆုံးအဖြတ်ဖြစ်သင့်တယ် ဆိုတာပါပဲ။

ဒီစနစ်ကို ဆက်ရှိစေလိုသူတွေကတော့ အားသားချက် ၃ ချက်ကို ပြန်ထောက်ပြကြပါတယ်။ သမ္မတရွေးချယ်ရေးအဖွဲ့ စနစ်ကြောင့် တိုင်းပြည်နေရာတိုင်းဟာ သမ္မတရွေးချယ်ရာမှာ အရေးပါသွားစေတယ်လို့ ထောက်ခံသူတွေက ဆိုကြပါတယ်။ လူထုမဲနဲ့ တိုက်ရိုက်ရွေးရင် လူဦးရေနည်းတဲ့ ပြည်နယ်တွေကို ဘယ်သမ္မတလောင်းမှ ဂရုစိုက်မှာ မဟုတ်တော့ဘူးလို့ သုံးသပ်ကြပါတယ်။ လူများစုရဲ့ စိတ်ဆန္ဒက လူနည်းစုရဲ့အသံကို လုံးဝလွှမ်းသွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးထားတာက ဒုတိယအချက် ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ဒီစနစ်ကြောင့် မဲတမဲချင်း ပြန်ရေရတာ၊ ဒုတိယအကျော့ ရွေးကောက်ပွဲ ထပ်လုပ်ရတာတွေ မရှိတော့ဘဲ ရွေးကောက်ပွဲရလဒ်ကို ရေရေရာရာနဲ့ မြန်မြန်ဆန်ဆန် ပေါ်ပေါက်စေတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

၂၀၂၄ မှာ ဘယ်သူသမ္မတ ဖြစ်မလဲ

ဘယ်လိုပဲဖြစ်ဖြစ် ဒီစနစ်ဟာ ဆက်လက်တည်တံ့နေတာ ဖြစ်တဲ့အတွက် ဒီစနစ်နဲ့ပဲ ဒေါ်နယ်ထရမ့်ပ်လား၊ ကမ်မလာဟားရစ်လား၊ ၂၀၂၄ မှာ ဘယ်သူသမ္မတ ဖြစ်သွားမလဲ ဆက်လေ့လာကြည့်ရအောင်ပါ။

Photo Reference Credit- CNN

အခုပြထားတဲ့ မြေပုံဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲ မဲရလဒ်ကို ဖော်ပြတဲ့မြေပုံ ဖြစ်ပါတယ်။ အနီရောင်က ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းကို ကိုယ်စားပြုတာဖြစ်ပြီး အပြာရောင်ကတော့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ပြာနေတဲ့ ပြည်နယ်တွေမှာ ဒီမိုကရက်ဘက်က ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ပြီး နီနေတဲ့ ပြည်နယ်တွေမှာတော့ ဒေါ်နယ်ထရမ့်ပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ် ၂ ခုကလွဲရင် ကျန် ၄၈ ပြည်နယ်မှာ နိုင်သူ အကုန်ယူစနစ် ကျင့်သုံးတာဖြစ်တဲ့အတွက် မဲ ၁ ရာခိုင်နှုန်းပဲသာသာ တပြည်နယ်လုံးရဲ့ ခွဲတမ်းရတဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ် အရေအတွက်၊ တနည်း ပြောရရင် သမ္မတရွေးမဲကို အဲဒီသာတဲ့သူက ရပါတယ်။

ဥပမာပြရရင် အရီဇိုးနားပြည်နယ်မှာ ဘိုင်ဒင်က ၁,၆၇၀,၀၀၀ ကျော်ရပြီး ထရမ့်ပ်က ၁,၆၆၀,၀၀၀ ကျော်ရပါတယ်။ ဒါပေမဲ့ အဲဒီ မဲ ၁၀,၀၀၀ ကျော် အသာနဲ့ပဲ အရီဇိုးနားရဲ့ သမ္မတရွေးမဲ ၁၁ မဲစလုံးကို ဘိုင်ဒင်က ရသွားပါတယ်။ အဲဒီလိုပဲ တက္ကဆက်မှာဆိုရင် ထရမ့်ပ်ရော ဘိုင်ဒင်ပါ ၅ သန်းကျော်ရပေမဲ့ ၆ သိန်းပိုသာတဲ့ ထရမ့်ပ်က တပြည်နယ်လုံးစာ ၃၈ မဲလုံး ရပါတယ်။

အဲဒီမှာ ထူးခြားတာက နီဗရာဆကာနဲ့ မိန်းပြည်နယ်တွေဖြစ်ပြီး သူတို့ကတော့ နိုင်သူအကုန်ယူ မဟုတ်ဘဲ လူထုမဲအချိုးကျနဲ့ ကိုယ်စားလှယ်အရေအတွက်ကို ခွဲဝေပေးတာ ဖြစ်ပါတယ်။ ကျန်ပြည်နယ်တွေကတော့ နိုင်သူအကုန်ယူစနစ်နဲ့ပဲ သမ္မတရွေးချယ်ရေးကိုယ်စားလှယ် ခွဲဝေပေးတဲ့အတွက် ၂၀၂၀ မှာ ဘိုင်ဒင်က သမ္မတရွေးမဲ ၃၀၆ မဲ၊ ထရမ့်ပ်က ၂၃၂ မဲလို့ ရလဒ်ထွက်လာခဲ့ပါတယ်။

တနိုင်ငံလုံး လူထုဆန္ဒမဲပေါင်းမှာတော့ ဘိုင်ဒင်က မဲ ၈၁ သန်းကျော်ရပြီး ထရမ့်ပ်က ၇၄ သန်းကျော် ရခဲ့ပါတယ်။

ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမယ့် Swing States ပြည်နယ်များ

ဒီမြေပုံကို သေချာကြည့်ရင် ထူးခြားတာက အပြာရောင် အစင်းကြား ပြည်နယ်တွေ ဖြစ်ပါတယ်။  အဲဒီပြည်နယ်တွေဟာ အစောပိုင်းမှာ ပြောခဲ့တဲ့ ပုခက်လွှဲသလို ဘယ်ညာယိမ်းတယ်ဆိုတဲ့ Swing States ၇ ပြည်နယ်ထဲက ၅ ပြည်နယ် ဖြစ်ပါတယ်။

၂၀၁၆ တုန်းက အဲဒီ ၅ ပြည်နယ်မှာ ထရမ့်ပ်နိုင်ခဲ့ပြီး သမ္မတဖြစ်လာခဲ့သလို ၂၀၂၀ မှာ အဲဒီ ၅ ပြည်နယ်မှာ ရှုံးတာကြောင့် ထရမ့်ပ် အရေးနိမ့်ခဲ့တာဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ၂၀၁၆ တုန်းက ဟီလာရီကလင်တန်ဟာ မဲ ၆၅ သန်းရပြီး ထရမ့်ပ်က မဲ ၆၂ သန်းပဲ ရခဲ့ပါတယ်။ ဆိုလိုတာက လူထုမဲစုစုပေါင်းမှာ ဟီလာရီကလင်တန်က နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတရွေးမဲမှာ ထရမ့်ပ်က အပြတ်အသတ် အသာရပြီး သမ္မတဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း မဲဘယ်လောက်ရတယ် ဆိုတာက အရေးမကြီးဘဲ တပြည်နယ်ချင်း အနိုင်အရှုံးက ပိုအရေးကြီးတာ ဖြစ်ပါတယ်။

၂၀၁၆ မှာ ဟီလာရီကလင်တန်ကို ထရမ့်ပ်နိုင်တုန်းက ၃၀၆ မဲ - ၂၃၂ မဲနဲ့ နိုင်သလို ၂၀၂၀ မှာ ဂျိုးဘိုင်ဒင်ကို ရှုံးတော့လည်း ၂၃၂ မဲ - ၃၀၆ မဲနဲ့ ရှုံးသွားတာ ဖြစ်ပါတယ်။  ကျန်တဲ့ ပြည်နယ်တွေက နီတဲ့ပြည်နယ်က ဆက်နီသလို ပြာတဲ့ပြည်နယ်က ဆက်ပြာပြီး အပြောင်းအလဲ မရှိတာကို တွေ့ရပါတယ်။

ဒီတခေါက်မှာလည်း အဲဒီ ၅ ပြည်နယ် အပါအဝင် Swing States ၇ ပြည်နယ်ဖြစ်တဲ့ အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီရှီဂန်၊ နီဗားဒါး၊ မြောက်ကာရိုလိုင်းနား၊ ပင်ဆီလ်ဗေးနီးယား၊ ဝစ္စကွန်ဆင် တို့မှာ ဘယ်သူနိုင်သလဲ ဆိုတာကပဲ ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ထရမ့်ပ်ရော ဟားရစ်ပါ ဒီပြည်နယ်တွေမှာ အဓိက မဲဆွယ်နေကြတာ ဖြစ်ပါတယ်။ 

ဒေါ်နယ်ထရမ့်ပ်က "ကျုပ်ခင်ဗျားတို့ကို အင်မတန်ရိုးရှင်းတဲ့ မေးခွန်းလေးတခုနဲ့ စချင်ပါတယ်။ ခင်ဗျားတို့ လွန်ခဲ့တဲ့ ၄ နှစ်ကထက် အခု ပိုအဆင်ပြေကြလား။ ကျုပ်တော့ အဲဒီလိုမထင်ဘူး။ ကျုပ်ဒီကနေ့မှာ အမေရိကန်အားလုံးအတွက် မျှော်လင့်ချင်းသတင်းစကားနဲ့ လာခဲ့တာ။ ခင်ဗျားတို့ ဒီရွေးကောက်ပွဲမှာ မဲပေးရင်၊ ၇ ရက်ပဲ စဉ်းစားကြည့်။ ကျုပ်တို့နော်၊ ကျုပ်တယောက်တည်းမဟုတ်ဘူး၊ ကျုပ်တို့တွေ ငွေကြေးဖောင်းပွမှုကို အဆုံးသတ်နိုင်မယ်၊ ကျုပ်တို့တိုင်းပြည်ထဲကို ဝင်လာတဲ့ ရာဇဝတ်ကောင်တွေ ကျူးကျော်မှုကို ရပ်တန့်နိုင်မယ်၊ အမေရိကန်အိပ်မက်ကို ပြန်ဆောင်ကျဉ်းလာနိုင်မယ်၊ ကျုပ်တို့ ပြန်ယူကြမယ်"လို့ မဲဆွယ် စည်းရုံး ပြောပါတယ်။ 

အလားတူ ဟားရစ်ကလည်း "ဒီရွေးကောက်ပွဲဟာ အများကြီး အရေးကြီးပါတယ်။ အခုက ၂၀၁၆ မဟုတ်သလို ၂၀၂၀ ရွေးကောက်ပွဲလည်းမဟုတ်ဘူး။ ဒေါ်နယ်ထရမ့်ဟာ ပိုပြီး မတည်မငြိမ်ဖြစ်လာသလို၊ ပိုလွတ်လာတယ်။ အခုတော့ဆိုရင် ထိန်းကျောင်းမှုမရှိတဲ့ အာဏာမျိုးသူလိုချင်လာတယ်။ ဒီတကြိမ်မှာ၊ ဒီတကြိမ်မှာ ဆိုရင် သူ့ကို ဘယ်သူမှ တားလို့ရမှာမဟုတ်တော့ဘူး။ တရားရုံးချုပ်တောင် တားလို့မရတော့ဘူး။ အိမ်ဖြူတော်မှာဆိုရင် သူဘာလုပ်လုပ် ကင်းလွတ်ခွင့်ရှိတယ်လို့ သမ္မတဟောင်း ထရမ့်က ပြောခဲ့တာရှိပါတယ်။ အခုအခိုက်အတန့်မှာ ကျမတို့တိုင်းပြည်ဟာ လမ်းဆုံလမ်းခွရောက်နေပါတယ်။ ဒီကနေ ဘယ်လမ်း သွားမလဲဆိုတာ ကျမတို့ အမေရိကန်တွေအနေနဲ့ရော ကိုးကွယ်ယုံကြည်မှုရှိတဲ့သူအနေနဲ့ရော  ဆုံးဖြတ်ရတော့မှာပါ။ အခု ကျမ တို့ မေးခွန်းတခုကို မေးရပါမယ်။ ဒီမေးခွန်ကို ရင်ဆိုင်နေရပါတယ်။ ဘယ်လိုတိုင်းပြည်မျိုးမှာ ရှင်တို့ နေချင်လဲ။ ဝရုန်းသုန်းကား၊ အကြောက်တရားနဲ့ အမုန်းတရား လွှမ်းတဲ့တိုင်းပြည်လား။ ဒါမှမဟုတ် လွတ်လပ်မှု၊ သနားကရုဏာနဲ့ တရားမျှတမှု ရှိတဲ့ နိုင်ငံလားဆိုတာ ရွေးကြရမှာပါ"လို့ ပြောပါတယ်။

အခု ရွေးကောက်ပွဲအကြို စစ်တမ်းအများစုမှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဟားရစ်က ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းဆိုပြီး ကပ်သာနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ Swing States ၇ ခုမှာတော့ မီရှီဂန်မှာပဲ ဟားရစ်က အသာရနေပါတယ်။ ပင်ဆီလ်ဗေးနီးယား၊ နီးဗားဒါး၊ ဂျော်ဂျီယာ၊ အရီဇိုးနား၊ မြောက်ကာရိုလိုင်းနား  ပြည်နယ်တွေမှာ ထရမ့်ပ်က အသာရနေတာ တွေ့ရပါတယ်။ ဝစ္စကွန်ဆင်မှာတော့ အပြိုင်ဖြစ်နေပါတယ်။

ဒါပေမဲ့ စစ်တမ်းတွေဟာ အနည်းနဲ့အများ မှားယွင်းနိုင်ခြေရှိသလို အခု သာတယ်၊ မသာဘူး ဆိုတာကလည်း ရာခိုင်နှုန်း အင်မတန်ကျဉ်းမြောင်းတဲ့အတွက် စစ်တမ်းတွေရဲ့ မှားနိုင်ခြေ ဘောင်ထဲမှာပဲ ရှိနေပါတယ်။ ပြိုင်ပွဲက လုံးဝ သူမသာ၊ ကိုယ်မသာ အခြေအနေ ဖြစ်နေတဲ့အတွက် နှစ်ဦးစလုံးဟာ ကိုယ့်ကို ထောက်ခံတဲ့သူတွေ မဲထွက်ပေးဖို့ကိုပဲ ဇောင်းပေး မဲဆွယ်နေတာလည်း တွေ့ရပါတယ်။

ဒီစစ်တမ်းတွေအတိုင်းသာ မှန်ခဲ့ရင်တော့ ၂၀၁၆ တုန်းက ဟီလာရီကလင်တန်လိုပဲ ကမ်မလာဟားရစ်ဟာ တနိုင်ငံလုံး လူထုမဲ စုစုပေါင်းမှာ နိုင်ပြီးတော့ သမ္မတရွေးချယ်ရေးအဖွဲ့ မဲမှာ ရှုံးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ထရမ့်ပ် တကျော့ပြန်သမ္မတ ဖြစ်လာနိုင်ပါတယ်။

ရွေးကောက်ပွဲတိုင်း နီးပါးမှန်တဲ့ သမိုင်းပညာရှင် အလန်လစ်ချ်မန်းကတော့ စစ်တမ်းတွေ ဘယ်လိုပဲပြောင်းပြောင်း သူ စက်တင်ဘာတုန်းက ဟောတဲ့ ဟောကိန်းအတိုင်းပဲ ကမ်မလာဟားရစ်ပဲ နိုင်မယ်လို့ ထပ်မံဟောကိန်းထုတ်ထားပါတယ်။

“ကျနော့်ရဲ့ စက်တင်ဘာ ၅ ခန့်မှန်းချက်က မပြောင်းလဲပါဘူး။ ကျနော်ပြောခဲ့သလိုပဲ ဒီဟောကိန်းက စစ်တမ်းတွေ၊ ပညာရှင်တွေ၊ မဲဆွယ်ကာလရဲ့ ပေါ်ပင်ခဏပန်း ဖြစ်စဉ်တွေကြောင့် ပြောင်းလဲမသွားပါဘူး။ ဟားရစ်နိုင်မယ်ပဲ ကျနော်ခန့်မှန်းပါတယ်” လို့ သမိုင်းဂုဏ်ထူးဆောင်ပါမောက္ခ အလန်လစ်ချ်မန်းက ပြောပါတယ်။

ဟောကိန်းတွေ၊ ခန့်မှန်းချက်တွေ အမျိုးမျိုးထွက်နေသလို စစ်တမ်းတွေကလည်း ဘယ်သူနိုင်မယ်ဆိုတာ ယတိပြတ်မပြောနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဟားရစ် တယောက် ပထမဆုံး အမေရိကန်အမျိုးသမီးသမ္မတ ဖြစ်လာမလား၊ ဒေါ်နယ်ထရမ့်ပ်ပဲ တကျော့ပြန် အောင်ပွဲခံမလား ဆိုတာကိုတော့ နိုဝင်ဘာ ၅ ရွေးကောက်ပွဲမှာ စောင့်ကြည့်ကြရမှာ ဖြစ်ကြောင်းပါခင်ဗျား။

စိုင်းခေတ်နွေ

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024