အမေရိကန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ နေတိုးစစ်ရေးလေ့ကျင့်မှုအဖြစ် ဂျက်လေယာဉ်ပျံသန်းမှု တခု ပြုလုပ်ခဲ့ပါတယ်။
F-18 ဂျက်လေယာဉ်မောင်းနင်မှုကို ဆွီဒင်နိုင်ငံတောင်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး အမေရိကန်က ဆွီဒင် စစ်တပ်နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့တာပါ။
ဒါဟာ နေတိုးအဖွဲ့ရဲ့ နတ်ပကျွန်းတိုက်ခိုက်မှု လေ့ကျင့်ရေး အစီအစဉ် တခုဖြစ်ပါတယ်။
နတ်ပကျွန်းတိုက်ခိုက်မှု လေ့ကျင့်ရေးကို အောက်တိုဘာ ၂၄ ရက်ကနေ ၃၁ ရက်အထိ ဥရောပ လေပိုင်နက်မှာ ပြုလုပ်တာဖြစ်ပါတယ်။
လေကြောင်းလေ့ကျင့်မှုမှာ ရေကြောင်းစစ်ဆင်ရေးနဲ့အတူ ပူးတွဲလေ့ကျင့်မှုလည်း ပါဝင်ဖို့ ရည်ရွယ်ထားပါတယ်။
လေကြောင်းလေ့ကျင့်မှုမှာ F-18 ဂျက်လေယာဉ် ၆ စင်း ခန့်ပါဝင်ပြီ လူပေါင်း ၅၀ က နေ ၆၀ အထိ ပါဝင်ကြောင်း ဆွီဒင်စစ်တပ်က ပြောပါတယ်။
ဆွီဒင်နိုင်ငံဟာ ၂၀၂၄ မတ်လက နေတိုးအဖွဲ့ဝင်ဖြစ်လာတာဖြစ်ပြီး အမေရိကန်စစ်တပ်နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာပါ။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲပြီးတဲ့နောက် နိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ ထဲ ဝင်ဖို့ ဆွီဒင်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်စစ်တပ်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့လည်း ဒရုန်းစစ်ရေးလေ့ကျင့်မှု တခုလည်း ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ပါသေးတယ်။
ဒါဟာ လူမပါဝင်ဘဲ လေကြောင်းစစ်ဆင်ရေး ဒရုန်းလေ့ကျင့်ပျံသန်းမှု ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုမှာ တောင်ကိုရီးယားရဲ့ RQ-48 ဒရုန်းတွေနဲ့ အမေရိကန်ရဲ့ MQ-9 ဒရုန်းပူးပေါင်း လေ့ကျင့်မှုတွေ ပါဝင်ခဲ့ပါတယ်။
ကြာသပတေးနေ့က မြောက်ကိုရီးယားနိုင်ငံက အရှေ့ပင်လယ်မှာ ICBM တာဝေးပစ် လက်နက်သစ် စမ်းသပ်ပစ်ခတ်မှုအပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဒရုန်းစစ်ရေး လေ့ကျင့်မှု လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလို ပူးပေါင်းလေ့ကျင့်မှုကို အစောပိုင်းက သတင်းထုတ်ပြန်ခဲ့တာမျိုး မရှိခဲ့ပေမဲ့ မြောက်ကိုရီးယား လက်နက်စမ်းသပ်မှုအပြီးမှာ လေ့ကျင့်မှုတွေ လုပ်တဲ့အကြောင်း သတင်း ထုတ်ပြန်တာ ဖြစ်ပါတယ်။
Source:Reuters