မြန်မာနိုင်ငံဘက်ကလို့ ယူဆရတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်း အာဏာပိုင်တဦးက ပြောလိုက်တဲ့အကြောင်း နိုဝင်ဘာ ၁၆ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီထဲမှာ ကလေးသူငယ်အယောက် ၃၀ ပါဝင်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ သူတို့ဟာ မြန်မာနိုင်ငံက မွတ်ဆလင်ဘာသာဝင်တွေ ဖြစ်ကြကြီးတော့ မလေးရှား၊ ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံဆီ ဆက်သွားဖို့ ရှိတယ်လို့ ဖြေတဲ့အကြောင်း ဖန်ငခရိုင်ရဲတပ်ဖွဲ့မှူး ဆွန် ခဲန် ဖော်သီဆီရိက ပြောပါတယ်။
ဟီဂျက်ဘ်ဝတ်စုံတွေ ဝတ်ထားတဲ့ အမျိုးသမီးတွေ ပါဝင်တဲ့ သူတို့အုပ်စုကို ထိုင်းတောင်ပိုင်း ကျွန်းတကျွန်းပေါ်က ကမ်းခြေတခုမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတွေမှာ တွေ့ရတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
နှစ်ပေါင်းများစွာကတည်းက ရိုဟင်ဂျာအများစုဟာ လှိုင်းလေတည်ငြိမ်တဲ့ အောက်တို ဘာလကနေ ဧပြီလကာလတွေအတွင်း ခနော်နီခနော်နဲ့ သစ်သားလှေတွေနဲ့ မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်ရာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ အိမ်နီးချင်းနိုင်ငံတွေ ကတဆင့် သွားရောက်ဖို့ ကြိုးစားကြလေ့ရှိပါတယ်။
ဖန်ငခရိုင်အုပ်ချုပ်ရေးမှူး ဆူဖော့ လော်ဒရုန် နာ နောင်ခိုင်ကတော့ “သူတို့က ရိုဟင် ဂျာတွေလား၊ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေလား ဆိုတာ ကျနော်တို့ မဆုံးဖြတ်နိုင်သေးပါဘူး” လို့ ပြောပါတယ်။
လတ်တလောမှာတော့ ဖမ်းမိထားတဲ့ ကလေးသူငယ်တွေကို ထိုင်းလူမှုဖွံ့ဖြိုးရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနကနေ စောင့်ရှောက်ပေးသွားမယ်လို့ ဆိုပါတယ်။