ထိုင်း-မြန်မာနယ်စပ် ရာ့ချ်ပူရီခရိုင် ဆွန်ဖိန့်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မနက်က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အောင်ဆန်းဝင်း နဲ့ ဇော်ဇော် ဆိုသူ မြန်မာ ၂ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီးတဲ့နောက် ထိုင်းရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ တရားခံ ၃ ဦးကို ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံသားအချင်းချင်းပဲလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်မှာ နောက်ထပ်အသက်ဘေးကနေ လွတ်မြောက်သွားတဲ့ အာကာဦးဆိုသူ တ ဦးရှိသေးတယ်၊ သူဟာ ကားပေါ်ကနေ ကန်ထုတ်ခံရပြီး လမ်းဘေးရှိလျှိုထဲ လိမ့်ကျသွားတယ်၊ အသက်ဘေးအန္တရာယ်ကလွတ်မြောက်တဲ့နောက် ရွာသူကြီးထံအကြောင်းကြားပြီး တာဝန်ရှိသူထံ ဖြစ်ကြောင်းကုန်စင်တွေ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်က စမွတ်စခွန်းခရိုင် မဟာချိုင်ရှိ အောင်ဆန်းဝင်း နဲ့ ဇော်ဇော်တိုထံကို တရားခံက ရာ့ချ်ပူရီကို ပစ္စည်းသယ်ဖို့ ကား ၂ စီးစင်းလုံးငှါးလိုကြောင်းဆက်သွယ်ခဲ့တယ်၊ စရန်ငွေအဖြစ် ဘတ် ၁၀၀၀ တကြိမ်၊ ဘတ် ၄၀၀၀ တကြိမ် ပေါင်း ၂ ကြိမ်လွှဲပေးခဲ့တယ်၊ သူ့ကိုတော့ ဇော်ဇော်က အဖော်အဖြစ်လိုက်ဖို့ ခေါ်လာတာလို့ အာကာဦးက ပြောပါတယ်။
သူတို့ဟာ အပြာရင့်ရောင်ဟိုင်းလပ်စ်ကားတစီး၊ မီးခိုးရောင် ဟိုင်းလပ်စ်ကားတစီးနဲ့ နိုဝင်ဘာ ၁၃ ည ၈ နာရီခွဲလောက်မှာ မဟာချိုင်က ထွက်ခွာလာတယ်၊ အောင်ဆန်းဝင်းနဲ့ ဇော်ဇော်က တရားခံ တယောက်နဲ့အတူ ကားတစီး၊ အာကာဦးက နောက်ထပ်တရားခံ ၂ ယောက်နဲ့ တစီး လိုက်ပါလာတယ်၊ ညဉ့်သန်းခေါင်ကျော် ရာ့ချ်ပူရီရှိ အခင်းဖြစ်တဲ့နေရာရောက်တော့ ကားမောင်းနေတဲ့ အာကာဦးက သေနတ်သံကြားလို့ တုံ့ကနဲ ရပ်လိုက်တယ်၊ ကားပေါ်ပါလာတဲ့ တရား ခံ ၂ ယောက်က သူ့လည်ပင်းကို ဓားနဲ့ထောက်ပြီး ဓားပြတိုက်တယ်၊ သူ့ဖုန်းထဲက ဘဏ်အပလီကေးရှင်းကနေ ဘတ်ငွေ ၁၀၀၀၀ လွှဲယူတယ၊ ပြီးတော့ အလေးချိန် ၃ ကျပ်သား နီးပါးရှိ သူ့ဆွဲကြိုးလို လုယူတယ်။ သူ့ဖုန်းကိုလည်း သိမ်းယူလိုက်ပြီး နောက်မလှည့်နဲ့လို့ပြောတယ်၊ ပြီးတော့ ကားပေါ်ကနေ ကန်ချတယ်၊ သူလည်း ကားလမ်းဘေးရှိ ချောက်ထဲလိမ့်ကျသွားတယ်၊ သတိရတာနဲ့ ရွာဘုန်းကြီးကျောင်းဆီပြေးသွားပြီး အဲဒီမှာအိပ်တယ်၊ မနက်ရောက်တော့ သူကြီးနဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက လမ်းပေါ်က စီစီကင်မရာတွေ စစ်ဆေးရာမှာ အာကာဦးပြောပြတဲ့ ကားပုံစံ ၂ စီးဟာ တာ့ခ်ခရိုင်ဘက်ကို မောင်းနှင်သွားတယ်၊ နိုဝင်ဘာ ၁၅ ညနေပိုင်းမှာ အဆိုပါကား ၂ စီးကို မဲဆောက်မြို့နယ် မယ်လမော့အုပ်စု ရပ်ကွက် ၂ ရှိ ဘန့်ဟွေ့ယအု စစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
အဆိုပါကား ၂ စီးကနေ နေလင်းထူး (၂၆ နှစ်) ၊ မာရစ် (၃၉ နှစ်) နဲ့ နေမျိုးအောင် (၂၉ နှစ) တို့ကို ဖမ်းဆီးရမိတယ်၊ သူတို့ကတော့ သေနတ်ပစ်ခံရသူတွေနဲ့ မသိဘူးလို့ ငြင်းဆိုနေပါတယ်။ သူတို့ဖာသူတို့ မဲဆောက်လာလည်တာ၊ အခြားဘာကိစ္စမှ မရှိဘူးလို့ ပြောပေမဲ့ ရဲတပ်ဖွဲ့ကတော့ သူတို့ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
ကိုးကား - ထိုင်းရတ် / Amarin TV / CH7 TV News