ထိုင်း-မြန်မာနယ်စပ်၊ ရာ့ချ်ပူရီခရိုင် ဆွန်ဖိန့်မြို့နယ်ထဲမှာ နိုဝင်ဘာ ၁၄ ရက် မနက်က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မြန်မာအမျိုးသား ၂ ယောက်ရဲ့အလောင်း တွေ့ရှိတယ်လို့ ဂျိုးချို ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆွန်ဖိန့်မြို့နယ် ပုန်ဆောင်ကော်ကျေးရွာအနီး တောစပ်နားမှာ မနေ့မနက်က လူသေအလောင်း ၂ လောင်းတွေ့ရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် စုံစမ်းစစ်ဆေးရေးဌာန၊ သက်သေခံစစ်ဆေးဌာနက တာဝန်ရှိသူတွေ၊ ဆွန်ဖိန့်ဆေးရုံမှ ဆရာဝန်တွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆွန်ဖိန့်ရဲစခန်းတာဝန်ကျ ရဲအုပ် ချိုင်းဝပ် ပရင်းထရာဖိဘန်းက သတင်း ထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ တောအုပ်အနီး တောလမ်းမှာဖြစ်ပြီး ပထမတယောက်က အသက် ၄၃ နှစ်ရွယ်ရှိ မြန်မာအမျိုးသား အောင်ဆန်းဝင်း ဖြစ်ပါတယ်။
သေနတ်ဒဏ်ရာ ဝမ်းဗိုက်မှာ ၁ ချက်၊ ဦးခေါင်းမှာ ၁ ချက်တွေ့ပြီး ညာဘက်လက်မှာတော့ တခြားဒဏ်ရာတွေ့တယ်၊ အနီးတဝိုက်မှာ ၉ မမ အမျိုးအစားကျည်ခွံတထောင့်၊ လက်ကိုင်ဖုန်းနဲ့ ငွေသားအချို့၊ စမွတ်စခွန်းခရိုင် အလုပ်သမားလက်မှတ်နဲ့ ကားမောင်းလိုင်စင်တွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။
အဲဒီနေရာနဲ့ မနီးမဝေး တောစပ်နားမှာတော့ ဇော်ဇော် ရဲ့အလောင်းကိုတွေ့တယ်။ သူကတော့ ဦးခေါင်းနဲ့ နောက်ကျောဘက်မှာ သေနတ်မှန်ထားတဲ့ ဒဏ်ရာရှိပြီး အနီးမှာလည်း ၉ မမ သေနတ်ကျည်ခွံ ၂ ထောင့်နဲ့ ညှပ်ဖိနပ် တဖက်စီ လားရာမတူတဲ့ အနေအထားနဲ့ ကျနေတယ်လို့ ဆိုပါတယ်။
ကျေးရွာလက်ထောက်အုပ်ချုပ်ရေးမှုး ပြောပြချက်အရ အဲဒီနေရာဟာ ကားလမ်းအဆုံးဖြစ်ပြီး ရှေ့မှာတောလမ်းကျဉ်းမြောင်းလို့ ဆိုင်ကယ်နဲ့သာ သွားလို့ရတယ်၊ သေနတ်သမားဟာ အဲဒီလမ်းကို ကျွမ်းတဲ့သူဖြစ်လိမ့်မယ်၊ သေဆုံးသူ ၂ ယောက်ကတော့ အဲဒီကရွာသားတွေက သူတို့ကို မမြင်ဖူးလို့ တခြားဒေသက လာသူတွေဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
သေဆုံးသူရဲ့ လက်ကိုင်ဖုန်းထဲ ဖုန်းခေါ်လာလို့ ရဲက ကိုင်လိုက်ရာမှာ တဘက်က သေဆုံးသူတွေရဲ့ ဆွေမျိုးတွေလို့ ပြောပါတယ်။ နိုဝင်ဘာ ၁၃ ရက်က သေဆုံးသူ ၂ ယောက်နဲ့ တခြား အဖော် ၂ ယောက် စုစုပေါင်း ၄ ယောက်ဟာ စမွတ်စခွန်းကနေ ကား ၂ စီးနဲ့ ခရီးထွက်ခွာသွားတယ်၊ အဲဒီနောက် ဖုန်းအဆက်အသွယ်မရတော့ဘူး၊ ရဲက ဖုန်းကိုင်လိုက်ကာမှ သူတို့ဆွေမျိုး သေနတ်ပစ်ခံရမှန် သိတာလို့ ဆိုပါတယ်။
သေနတ်သမားကို ဖမ်းဆီးရမိရေးအတွက် စီစီကင်မရာတွေ အပါအဝင် ဆွန်ဖိန့်မြို့နယ်တဝိုက် အဖွဲ့ခွဲပြီး ပိုက်စိပ်တိုက်စစ်ဆေးဖို့ ရာ့ချ်ပူရီခရိုင်ရဲမှူးက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
Source: ဂျိုးချို ထိုင်းသတင်း