မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ ၂ ယောက်ကို အမည်မသိ သေနတ်သမားတွေက စက်တင်ဘာ ၂၃ ရက် ညပိုင်းမှာ နေအိမ်တွင်း ဝင်ရောက် ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာက ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးမြင့်အောင်နဲ့ သမီးဖြစ်သူ ပါတီလူငယ်ရေးရာအဖွဲ့ဝင် မဝင်းနုခိုင် (ခ) မကေတို့မှာ စက်တင်ဘာ ၂၃ ရက် ည ၈ နာရီခွဲခန့်က နေအိမ်မှာ သေနတ်နဲ့ ဝင်ရောက်ပစ်သတ်ခံခဲ့ရတာလို့ ရွာခံတယောက်က ပြောပါတယ်။
“မနေ့ညက ၈ နာရီ ၄၅ မိနစ်လောက်က အိမ်ထဲဝင်ပြီး ပစ်သွားတာ။ ဘယ်အဖွဲ့ကလဲတော့ မသိဘူး။ ညက မီးလည်းပျက်နေတာဆိုတော့ သေနတ်သံပဲ ကြားလိုက်ရတယ်။”
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သူတို့သားအဖ ၂ ယောက်ဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ကြောင်း ရွာခံတွေက ပြောပါတယ်။
စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကြံ့ခိုင်ရေးပါတီဝင် သားအဖ ၂ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လာရောက်ပစ်သတ်သွားကြောင်း ရေးသားထား ကြပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျိုက်ထိုအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေထံ DVB က ဆက်သွယ် မေးမြန်းခဲ့ရာမှာ ပစ်ခတ်မှုသတင်းကို ကြားသိကြောင်းနဲ့ သူတို့အဖွဲ့တွေ လုပ်ဆောင်ခဲ့ ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၂၁ ရက်က သထုံမြို့နယ်၊ ဂေါ့ကျေးရွာက သထုံခရိုင် တရားရုံးဝန်ထမ်း ဒေါ်သင်းသင်းမြတ်နဲ့ ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်းတို့ ၂ ယောက်ကို အမည်မသိ သေနတ်သမား တွေက နေအိမ်မှာ လာရောက်ပစ်ခတ်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။