မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၁၃ ယောက်သေ၊ ၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ဆီက သိရပါတယ်။
စစ်တောင်းတံတားအသစ် (မုပ္ပလင်)ဘက်ကနေ မော်လမြိုင်ဘက်ကိုထွက်လာတဲ့ ကား ၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက မုပ္ပလင်နဲ့ အင်္ဂဘိုကြား လမ်းခုလတ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ KRF ပြန်ကြားရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။
“သူတို့က ဒီလမ်းကနေဖြတ်မှာကို သတင်းကြိုရထားလို့ ပူးပေါင်းအဖွဲ့တွေက RPG၊ ၄၀ မမ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းတိုက်ခဲ့တာ။ စကစ ဘက်က ၁၃ ဦး ကျပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က တပ်ဖွဲ့ဝင်တယောက်ရဲ့ ခြေသလုံးမှာ ဗုံးသီးအစစင် ရှပ်ထိဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ သေမင်းတမန်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)အနေနဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူလူထုအပေါ် ထိခိုက်နစ်နာစေမယ့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုတွေကို လုပ်ဆောင်တာမျိုး မရှိကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။