ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာအတွင်း စက်တင်ဘာ ၇ ရက် မနက်အစောပိုင်းက စစ်အုပ်စု တပ်စွဲထားတဲ့ အိမ်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် ပျူစောထီး ၇ ယောက် သေဆုံးကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေထံက သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာ အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ နဲ့ ပျူစောထီး ၁၅ ယောက် တပ်စွဲထားတဲ့ ပျူစောထီးခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူး စောမင်းနိုင်ရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် ၅ နာရီက တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ တာဝန်ခံ ရိုးမနဂါးက ပြောပါတယ်။
“ဝင်တိုက်တဲ့အချိန် ပျူတချို့ကတော့ ထွက်ပြေးသွားတယ်။ တိုက်ပွဲက ၂ နာရီကျော်လောက် ကြာသွားတယ်။ ကျနော်တို့ဘက်က ရဲဘော်တဦး ကျသွားတာရယ် ကျည်မလုံလောက်တာရယ်ကြောင့် ပြန်ပြီး ဆုတ်ခွာခဲ့တာပါ။”
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ပျူစောထီး ၄ ယောက် သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို Faw ကား ၂ စီးနဲ့ ကြို့ပင်ကောက်မြို့ပေါ်ကို သယ်ဆောင်သွားကြောင်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ ၁ Dragon Brothers GBK-PDF၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ ၆ Black Dragon GBK-PDF နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၁ YOMA GBK-PDF၊ တပ်ခွဲ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၆ AYEYAR NYI NAUNG စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ စစ်ကား ၂ စီး ကွင်းချောင်းရွာဘက်ကို ရောက်ရှိလာကာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ စခန်းပုံစံ တပ်စွဲထားကာ အင်အားဖြည့်တင်းထားပြီး ဆက်သွယ်ရေးတူးမြောင်းတွေနဲ့ ဘန်ကာတွေ အခိုင်အမာ တည်ဆောက်ထားကြောင်း တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဆက်လက်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ က အထူးအသိပေး ထုတ်ပြန်ထားပါတယ်။