ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက် ဦးဆောင်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ရှောင်တခင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် အုပ်ကြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
အုတ်ဖိုမြို့အနီးမှာ အရပ်ဝတ် စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူကာ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ လောင်းကစားဝိုင်းကို နိုဝင်ဘာ ၂ ရက် ညနေ ၃ နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
“သူက PDF တွေကို စိန်ခေါ်နေတာ ကြာပြီ။ လောင်းကစားဝိုင်းမှာလည်း သူ့ကို လာသတ်ခဲ့ရင်တောင် ရင်ကော့ပြီး ခံမယ်ဆိုပြီး သူ့အဘတွေအားကိုးနဲ့ စိန်ခေါ်နေတာ။ သူ့စနက်ကြောင့် ရွာထဲကအိမ်တွေ ချိပ်ပိတ်ခံရတာနဲ့ ထွက်ပြေးရတာတွေလည်း အများပြီးပဲ။ စကစဘက်ကို အပိုင်ကပ်ထားတော့ ရဲနယ်ထိန်းလောက်အဆင့်ကိုတောင် သူ့အိမ်ခေါ်ပြီး ပါးရိုက်တာ။”
အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ ကျန်ရှိသူတွေ ထွက်ပြေးလွတ်မြောက်သွားပေမဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ရဲ့ ဦးခေါင်းကို သေနတ်ကျည်တချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် အဲဒီအုပ်ချုပ်ရေးမှူးထံက လက်ပစ်ဗုံးတလုံး၊ ဓားမြောင် ၂ လက်၊ ငွေသား ၅၀,၀၀၀ ကျပ်နဲ့ ခါးပတ်အိတ်တခုတို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က နိုဝင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောအုပ်စု၊ စဥ့်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သက်ကြီး (ခ) သက်အောင်ကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ပစ်သတ်ရှင်းလင်းခဲ့ပြီး မိုလ်ဘိုင်းဖုန်းတလုံး၊ ငွေကျပ်တသိန်းနဲ့ စစ်မှုထမ်းဟောင်း ကတ်ပြားတခုကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။