Home
မြန်မာသတင်း
သမ္မတထရမ့်ပ်လက်ထက် မြန်မာပြည် လူ့အခွင့်အရေးနှင့် ရာသီဥတုပြောင်းလဲမှုအရေးကိစ္စများ ထိခိုက်နိုင်
DVB
·
November 14, 2024
Photo-Reuters

အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ နိုင်ငံ့ခေါင်းဆောင်တွေကို လွတ်လပ်စွာ မဲပေးရွေးချယ်နိုင်ခွင့်ရှိတဲ့ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးအတွက် စံပြုထိုက်စရာဖြစ်ပေမဲ့ တဘက်မှာတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေအပေါ် ခြိမ်းခြောက်မှုအန္တရာယ်တွေ ရှိလာနိုင်တဲ့ အရိပ်လက္ခဏာတွေရှိနေတယ်လို့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ ပထမသက်တမ်းကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လက်ကိုင်ထား ထည့်သွင်းစဉ်းစားလေ့မရှိဘဲ အမေရိကန်ရဲ့ စီးပွားရေးကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့တာ တွေ့ရသလို အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့တာ တွေ့ရပါတယ်။

အခုဒုတိယအကျော့ သမ္မတသက်တမ်းမှာလည်း အလားတူ ပုံစံမျိုးနဲ့ပဲ ပြန်လည်ချဉ်းကပ်ခဲ့မယ်ဆိုရင် လက်ရှိ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် ကမ္ဘာတဝန်းမှာရှိတဲ့ အာဏာရှင်တွေအပေါ် သံတမန်ရေးဆိုင်ရာ ဖိအားပေးမှုတွေဟာ ပိုမို အားလျော့သွားနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ 

ဒါဟာ မြန်မာစစ်ခေါင်းဆောင်အပေါ် ဖိအားပေးမှုတွေဟာလည်း ကျိန်းသေပေါက် လျော့ကျလာနိုင်သလို အာဏာရှင်စနစ်ကို အားပေးအားမြှောက်ပြုနေတဲ့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေအတွက်လည်း စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့မှုနဲ့ ရက်စက် ကြမ်းကြုတ်တဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံရေးအရ အကာအကွယ်ပေးမှုတွေကို ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ဖို့ တွန်းအားပေးသလို ဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။

သံတမန်ရေးဆိုင်ရာ ဖိအားပေးမှုတွေကို အရေးတယူလုပ်လေ့မရှိတဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ ထပ်လျော့ကျလာမယ်ဆိုရင် စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေဟာ ဒီထက်မက အတင့်ရဲလာနိုင်ပြီး မြန်မာပြည်သူတွေအတွက် အခြေအနေတွေဟာ ဆိုးရွားသထက် ဆိုးရွားလာနိုင်ပါတယ်၊ အမေရိကန်ရဲ့ ဖိအားပေးမှုကို လျော့ချ လိုက်မယ်ဆိုရင် လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အကြမ်းဖက် ဖမ်းဆီး၊ နှိပ်စက်မှု အန္တရာယ်တွေနဲ့ ပိုမို ရင်ဆိုင်သွားရနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

ပထမအကြိမ် ထရမ့်ပ်အစိုးရလက်ထက်မှာ တရုတ်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို လျစ်လျူရှုပြီး အရှေ့တောင်အာရှမှာ ကြီးထွားလာတဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်တုံ့ပြန်နိုင်ဖို့ အဓိကထား ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 

အခု လာမဲ့ ဒုတိယအကြိမ်မြောက် ထရမ့်ပ်အစိုးရ သက်တမ်း ကာလမှာလည်း တရုတ်အရေးအပေါ် အထူးအာရုံစိုက် လုပ်ဆောင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအပေါ် အမေရိကန်က ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ပေးအပ်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုတွေဟာ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ အရပ်သားအစိုးရ ပြန်လည်ဖွဲ့စည်းနိုင်ရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဆုံးသတ်ရေးကိစ္စတွေလို မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရေးထက် တရုတ်နိုင်ငံနဲ့ အာဏာချိန်ခွင့်လျှာ ညှိနိုင်ရေးကိုသာ ဦးစားပေး လုပ်ဆောင်သွားနိုင်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ ထရမ့်ပ်အစိုးရအနေနဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေမှာ အမေရိကန်ရဲ့ပါဝင်မှုအခန်းကဏ္ဍကို လျော့ချပြီး မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေကို အလုံးစုံ နောက်ဆုတ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုဟာ ပိုမိုကြီးထွားလာနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြင့်တက်လာနိုင်ကာ မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့လို တရုတ်ကြိုးဆွဲရာ ကပြရမယ့် ရုပ်သေးရုပ်နိုင်ငံသဖွယ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ထောက်ပံ့မှုတွေမှာလည်း ပထမအကြိမ် ထရမ့်ပ်အစိုးရလက်ထက်မှာ သိသိသာသာ ဖြတ်တောက်ခဲ့တာ တွေ့ရပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာရှိနေတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေချိန်မှာ ရန်ပုံငွေထောက်ပံ့မှုကို လျော့ချလိုက်မယ်ဆိုရင် USAID လို အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေအပေါ် များစွာ မှီခိုရပ်တည်နေရတဲ့ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေအတွက် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ထောက်ပြပါတယ်။   

ရန်ပုံငွေ ဖြတ်တောက်ရေး အပြောင်းအလဲတွေကို အကောင်အထည်ဖော်နိုင်ဖို့ အချိန်ယူရနိုင်တယ်ဆိုပေမဲ့ ကွန်ကရက်လွှတ်တော်မှာ မြန်မာနိုင်ငံမူဝါဒဆိုင်ရာ ဆွေးနွေးရေး လုပ်ငန်းစဉ်ဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အဟန့်အတားဖြစ်စေနိုင်သလို လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် မြန်မာစစ်ဘေး ဒုက္ခသည်တွေအတွက် အကူအညီပေးအပ်ရေးတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

နောက်ပြီး ယုံကြည်မှုနဲ့ နိုင်ငံရေး သဘောတရားအပေါ် အခြေခံထားတဲ့ အဖွဲ့အစည်းတွေအပေါ် ရန်ပုံငွေ ထောက်ပံ့မှုကိုလည်း ထရမ့်ပ်အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲတွေ လုပ်ဆောင်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။

ဒါ့အပြင် ထရမ့်ပ်အနေနဲ့ ပထမအစိုးရသက်တမ်းကာလကလိုပဲ လူ့အခွင့်အရေးနဲ့ တာဝန်ခံမှုရှိရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းအပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကို ရုပ်သိမ်းခဲ့မယ်ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်မဟာမင်းကြီးရုံး (OHCHR) တို့လို မြန်မာစစ်ခေါင်းဆောင် တွေကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ အမေရိကန်ကျောထောက် နောက်ခံပေးထားတဲ့ တာဝန်ခံမှုရှိရေး လုပ်ငန်းစဉ်ယန္တရားတွေဟာ အားပျော့သွားနိုင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအရေးနဲ့ ပတ်သက်လို့လည်း ထရမ့်ပ်ရဲ့ ပထမအစိုးရသက်တမ်းတုန်းက သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေကနေ နုတ်ထွက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကနေလည်း နုတ်ထွက်သွားခဲ့ပါတယ်။ 

အခု ဒုတိယသက်တမ်း မှာလည်း အလားတူ လုပ်ဆောင်ခဲ့မယ်ဆိုရင် ပိုမိုပြင်းထန်လာတဲ့ ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းတွေအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုတွေဟာ အားနည်းသွားနိုင်ပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ အပေါ်မှာလည်း ပြင်းထန်တဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ 

ရာသီဥတု ပြောင်းလဲမှုအရေးမှာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အရေးပေါ် လိုအပ်နေမှုနဲ့ မြန်မာနိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှုအပေါ် ခုခံနိုင်စွမ်းရှိတဲ့ အရင်းအမြစ်တွေ လိုအပ်နေမှုကို မကြာသေးခင်က မြန်မာနိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ရေကြီးမှုတွေက မီးမောင်းထိုးပြနေပါတယ်။

ထရမ့်ပ်ရဲ့ ပထမအကြိမ် အစိုးရသက်တမ်းအတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအပေါ် ထိတ်လန့်ဖွယ်ကောင်းတဲ့ သက်ရောက်မှုတွေ အကြီးအကျယ် ရှိခဲ့တာကြောင့် သူ့ရဲ့ ဒုတိယသက်တမ်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိုးရိမ်ချက်တွေ မြင့်တက်စေခဲ့ပါတယ်။ 

ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ၊ အတိုက်အခံအဖွဲ့တွေနဲ့ ပြည်ပအစိုးရတွေအပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ခေါင်းဆောင် အားလုံးအနေနဲ့ ဒီခြိမ်းခြောက်မှု အန္တရာယ်တွေကို အသိအမှတ်ပြုပြီး အတူတကွ ပူးပေါင်း တိုက်ဖျက်သွားကြဖို့ အရေးကြီးတယ်လို့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်ရေး လမ်းကြောင်းပေါ်ကို ပြန်လည် လျှောက်လှမ်းနိုင်ဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အမေရိကန်အစိုးရသစ်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေရေးရဲ့ အရေးကြီးပုံကို အလေးထားပြီး မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ သံတမန်ရေးအရ ဖိအားပေးမှုတွေကို ဆက်လက် ထိန်းသိမ်းသွားဖို့လည်း အကြံပြုပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ရန်ပုံငွေ ထောက်ပံ့ကူညီမှုနဲ့ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေအပေါ် ဖြည့်ဆည်းပေးမှုဟာ အသက်တမျှ အရေးပါလှသလို ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ တာဝန်ခံမှုရှိရေး ယန္တရားတွေကိုလည်း တက်ကြွစွာနဲ့ ဆက်လက် ကူညီထောက်ပံ့ပေးသွားဖို့ လိုတယ်လို့လည်း တိုက်တွန်းပါတယ်။ 

ကမ္ဘာတဝန်းမှာရှိတဲ့ Stakeholder တွေ အားလုံး အတူတကွ လက်တွဲ ဆောင်ရွက်ကြမယ်ဆိုရင် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရာမှာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ထိန်းသိမ်းနိုင်ရေးနဲ့ စစ်အာဏာရှင်စနစ်အပေါ် မြန်မာပြည်သူတွေရဲ့ ခုခံတွန်းလှန်ရေးမှာ များစွာ အထောက်အကူ ပြုနိုင်မှာ ဖြစ်တယ်လို့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source: Human Rights Myanmar

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024